မေ၊ ၃
မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့ဖက်အခြမ်းရှိ ကျေးရွာတွေကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် အဲဒီဒေသက ကျေးရွာ လေး၊ ငါး ရွာလောက်က ဒေသခံ ၇၀၀၊ ၁၀၀၀ နီးပါးက နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က မေလ ၁ ရက်နေ့မှာ ပခုက္ကူမြို့ကတဆင့် ဝင်ရောက်လာတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုယာဉ်တန်းတွေ နောက်ပြန်လှည့်သွားခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်းမှာတော့ အင်အား ၁၀၀ လောက်ပါတဲ့ ခြေလျင်စစ်ကြောင်းက မြိုင်နယ်ထဲဝင်ရောက်လာတာလို့ ဒေသခံတဦးက ပြောပါတယ်။
” မနေ့ကတည်းက ဝင်လာတဲ့ စစ်ကြောင်းကို ကိုင်းရွာဖက်ခြမ်းမှာ မိုင်းဆွဲလိုက်တော့ စစ်ကြောင်းက ပြန်ခေါက်သွားတယ်။ ညပိုင်းကျတော့ ရေစကြို၊ မြိုင်၊ ပခုက္ကူသုံးနယ်အစပ်ကနေ မြိုင်အရှေ့ခြမ်းက ရှင်မတောင် တောင်ကြောပေါ်ကနေ ဖြန့်ဝင်လာတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေတော့ ရှိခဲ့တယ်။ သူတို့ ဝင်လာပြီးဆိုကတည်းက ပြေးဖို့ပြင်ထားရတယ်လေ သူတို့လာတော့ တန်းထွက်ပြေးလာရတယ် ” လို့ သူကပြောပါတယ်။
မြိုင်အရှေ့ခြမ်းမှာရှိတဲ့ လက်ဆည်ကန်ရွာကို စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့သလို အဲဒီအနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့မှုတွေရှိခဲ့ပေမယ့် နှစ်ဖက်အထိအခိုက်မသိရသေးပါဘူး။
စစ်အုပ်စုရဲ့ စစ်ကြောင်းကြောင့် လက်ရှိမှာ ဝါးကန်၊ ဒေါင်အိုကြီး၊ လက်ဆည်ကန် ၊ ထနောင်ခလ စတဲ့ကျေးရွာတွေက ဒေသခံ ၇၀၀ နီးပါးဟာစစ်အုပ်စုရဲ့ ဝေးရာကိုထွက်ပြေးနေရသလို စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်အုပ်စုက သူတို့အထိုင်ချထားတဲ့ ပျူစောထီစခန်းတွေအပါအဝင် ပျူစောထီဍရွာတွေကို ရိက္ခာပို့ဆောင်လိုပါက ယခုကဲ့သို့ စစ်ကြောင်း ထိုးဝင်ရောက်တက်သလို ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက စစ်ရေးလှုပ်ရှားမှုအားကောင်းလာတယ်ဆိုရင်လည်း စစ်ကြောင်းဝင်လာတတ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမှူးကြီးက ဆိုပါတယ်။
” ဒီဖက်မှာက ကာကွယ်ရေးအဖွဲ့တွေက ရေရှည်တိုက်ပွဲဆင်နွှဲဖို့ အခြေအနေမရှိသေးတော့ ကျတော်တို့က မိုင်းကွင်းတွေထဲရောက်ရင် မိုင်းဆွဲတယ်။ ကိုယ်အပိုင်ရတဲ့နေရာတွေမှာတော့ လက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိပါတယ်။ EAO ဖက်တွေလိုမျိုး တိုက်ပွဲအကြာကြီး တိုက်တာမျိုးတော့ မရှိသေးပါဘူး ” လို့ သူကပြောပါတယ်။
လက်ရှိမှာ မြိုင်နယ် အရှေ့ခြမ်းကို ပခုက္ကူဖက်က ဝင်ရောက်လာတဲ့ စစ်ကြောင်းနဲ့ မြိုင်အနောက်ပိုင်းမှာ ပေါက်မြို့နယ်ဖက်ကဝင်လာတဲ့ စစ်ကြောင်းတစ်ခုရှိနေသေးတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဓာတ်ပုံ – We Love Myaing
ပုံစာ – မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်အရပ်သားတွေကို ဧပြီလနောက်ဆုံးပတ်က တွေ့ရစဥ်