အာဆင်နယ်ကို ရှုံးခဲ့တဲ့နောက် ချဲလ်ဆီးရဲ့ အနေအထားကို လမ်းပတ် ဝေဖန်

မေ၊ ၃

အာဆင်နယ်ကို ရှုံးနိမ့်ပြီးတဲ့နောက် သူ့အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ချဲလ်ဆီး ယာယီ မန်နေဂျာ ဖရန့်ခ် လမ်းပတ်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

လန်ဒန် ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာမှာ အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင် အာဆင်နယ်ဟာ ပထမပိုင်း ၃၄ မိနစ်မှာတင် ကတည်းက ၃ ဂိုးပြတ် ဦးဆောင်နေနိုင်တဲ့ထိ ချဲလ်ဆီးရဲ့ အခြေအနေက ယိမ်းယိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အခုဆိုရင် နောက်ဆုံးကစားတဲ့ ပြိုင်ပွဲပေါင်းစုံ ၆ ပွဲစလုံး ရှုံးနိမ့်ထားပြီး အားလုံးကို လမ်းပတ်ရဲ့ ဦးဆောင်မှုအောက်မှာ ယှဉ်ပြိုင်ခဲ့တာပါ။

ချဲလ်ဆီးမှာ ပိုင်ရှင်ဟောင်း ရိုမန်အေဗရာမိုဗစ်ချ် ဦးဆောင်တဲ့ ကာလတွေမှာ အတောက်ပဆုံး အောင်မြင်မှုတွေ ရယူချိန်က အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ဖူးတဲ့ လမ်းပတ်က အသင်းဟာ နှစ်ပေါင်း ၂၀ လောက် အောင်မြင်ခဲ့ဖူးပေမယ့် အခုတော့ ရှိသင့်တဲ့ နေရာမှာ ရှိမနေဘူးလို့ ပြောပါတယ်။

အသင်းမှာ အချိန်အကြာကြီး ရှိနေတဲ့ အတောအတွင်း လူမြင်ကွင်း နောက်ကွယ်က အခြေအနေ အားလုံးကို သူသိရှိခဲ့ကြောင်း၊ လက်ရှိ ပြဿနာတွေကလည်း လူမြင်ကွင်း နောက်ကွယ်က အခြေအနေတွေနဲ့ ဆက်စပ်နေပြီး ကစားသမားတွေဟာ ဘယ်နေရာကို ရောက်နေတာဖြစ်စေ၊ ကိုယ့်အသင်း တိုးတက် ကောင်းမွန်အောင် ကြိုးစားရမှာဖြစ်ကြောင်း၊ အခြေအနေတွေက ညတွင်းချင်း ပြောင်းလဲသွားမှာ မဟုတ်မှန်း နားလည်ပေမယ့် တတ်နိုင်သမျှ မြန်မြန် ပိုကောင်းလာအောင်တော့ အားထုတ်နေဖို့ လိုကြောင်း လမ်းပတ်က ဆိုပါတယ်။

ကစားသမားတွေဟာ ပွဲတပွဲမှာ ပေးဆပ်နိုင်တာတွေ အများကြီး ရှိကြောင်း၊ သူ့ကစားသမားတွေက လောလောဆယ် ယုံကြည်မှုအပိုင်း ကျဆင်းနေမှန်း နားလည်ပေမယ့် ချဲလ်ဆီးလို အသင်းမှာ ကစားတဲ့အခါ ယုံကြည်မှုတွေ အောက်ဆုံးထိ ရောက်နေရင်တောင်မှ တိကျတဲ့ ကစားဟန် တခုမှာ အံဝင်အောင် စည်းကမ်းတကျ လိုက်နာပြီး ကစားရမှာဖြစ်ကြောင်း  လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးရော၊ အာဆင်နယ်မှာပါ ကစားသမားဘဝ ဖြတ်သန်းခဲ့ဖူးပြီး အခုပွဲစဉ်မှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့တဲ့ ဆက်စ် ဖာဘရီဂက်စ်က ပွဲမှာ ခင်းကျင်းခဲ့တဲ့ လမ်းပတ်ရဲ့ နည်းဗျူဟာ တချို့ကို မေးခွန်းထုတ်ခဲ့ပေမယ့် ချဲလ်ဆီးရဲ့ ပြဿနာဟာ မန်နေဂျာ တယောက်တည်းကြောင့်တော့ မဟုတ်ဘူးလို့ ဝန်ခံသွားပါတယ်။ သူ့အနေနဲ့ လမ်းပတ်ရဲ့ အနေအထားကို စာနာပေးနိုင်ကြောင်း၊ တခါတလေတော့ ပွဲရလဒ်ဟာ မန်နေဂျာနဲ့ ဆိုင်သလို တခါတလေ ကစားသမားတွေနဲ့ ပတ်သက်ကြောင်း၊ ခုခေတ်မှာတော့ တခုခုဆိုရင် မန်နေဂျာကိုပဲ အပြစ်ရှာတတ်ကြပေမယ့် တကယ်တမ်းကျတော့ မန်နေဂျာက ဝင်ကစားနေသူ မဟုတ်ဘဲ ကစားသမားတွေက သူတို့ရဲ့ အစွမ်းအစကို ထုတ်ပြဖို့လိုကြောင်း ဖာဘရီဂက်စ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

Ref: Daily Mail