ဟားခါးမှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်လို့ အိမ်သုံးလုံးပျက်စီး

မေ၊ ၂
 
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ အိမ်သုံးလုံးပျက်စီးတယ်လို့ ချင်းပြည်နယ်က တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
 
” တမနက်လုံး တဂျိမ်းဂျိမ်းနဲ့ကြဲနေတာ၊ လေယာဉ်ကို ဗုံးသီးတွေချိတ်ပြီး နိမ့်နိမ့်လေးဖြတ်ပျံသွားတာတွေ မြင်နေရတာ။ တောထဲတွေကို ကြဲတာ” လို့ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ယောဒေသ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ရှိမယ်ထင်တဲ့ တောတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီကနေ့နေ့လယ် ၁ နာရီဝန်းကျင်မှာ ဟားခါးမြို့နယ်၊ ဟားခါး – ဂန့်ဂေါလမ်းအနီး ဗန်တလန်ကျေးရွာက လူနေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ သိရပြီး လူထိခိုက်မူကိုတော့သိရှိရခြင်းမရှိသေးပါဘူး။
 
စစ်ကောင်စီတပ်ဟာ ခုရက်ပိုင်းအတွင်း ဟားခါးမြို့နယ်တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုတွေများပြားပြီး လက်နက်တွေပါ သိမ်းဆည်းခံနေရတာဖြစ်ပါတယ်။
 
ဂန့်ဂေါမြို့နယ်ကနေ ချင်းပြည်နယ် ဟားခါးမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ (၇၇)ခြေလျင်စစ်ကြောင်းကို မေလ (၁) ရက်နေ့ မနက်ပိုင်းမှာ CNA ၊ CNDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး သေနတ် ၉ လက်၊ ၆ဝ မမ မော်တာတစ်ခု၊ RPG လောင်ချာတစ်ခု၊ လက်ပစ်ဗုံး ၁၁ လုံး၊ မိုဘိုင်းဖုန်းတွေ၊ အခြားစစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီစစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ဒဏ်ရာရှိသူတွေလည်း များတယ်လို့ဆိုပါတယ်။ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး DNA သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
မေလ ၁ ရက်နေ့ ညနေပိုင်းမှာလည်း CNA ၊ CNF ပူးပေါင်းတပ်ဖွဲ့က ဟားခါးမြို့နယ် ချွန်ကျုံးရွာထဲမှာ သံချပ်ကာကားကို စောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး သံချပ်ကာကားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါသံချပ်ကာကားဟာ ဧပြီလတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေ ဖျက်ဆီးခဲ့တဲ့ သံချပ်ကာကားနှစ်စီးထဲက တစီးဖြစ်ပြီး ပြန်လည်ပြင်ဆင်အသုံးပြုဖို့ စစ်ကောင်စီက စောင့်ကြပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ သေနတ်တလက်၊ ကျည်ဘောက်ရှစ်ခုနဲ့ ကျည်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
ဧပြီ ၃၀ ရက်နေ့ကလည်း ချွန်ကျုံးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီစစ်သား သုံးဦးသေဆုံးပြီး CNA ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်အချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ချွန်ကျုံးရွာမှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ လူမနေတော့တဲ့ ချွန်ကျုံးရွာကို ဒီကနေ့ ဧပြီ ၂ ရက်နေ့မှာ မီးရှို့တာကြောင့် ဘုရားကျောင်းတကျောင်းနဲ့ နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ နီးပါးပြုလုပ်ခဲ့ပြီး ဗုံးအလုံး ၃၅၀ ကျော်ကြဲချခဲ့တယ်လို့ ချင်းလူ့အခွင့်အဖွဲ့ CHRO က မကြာသေးခင်က ပြောထားပါတယ်။
အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် အရပ်သား ၃၈ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၁၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
 
စစ်အာဏာသိမ်းလွန်ကာ စစ်ရှောင်စုစုပေါင်း ၂, ၆၉၄, ၅၆၇ ဦး အထိရှိလာပြီး ချင်းပြည်နယ်မှာစစ်ရှောင် တသိန်းကျော်အထိ ရှိနေပါတယ်။
 
တနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေးမြို့ ၄၇ မြို့ရှိပြီး ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်အနက် ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ပလက်မြို့နယ်ကလွဲရင် ကျန်ရှစ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ