မလေးရှားကမ်းလွန်မှာ ရေနံတင်သင်္ဘော မီးလောင်ပြီး သင်္ဘောသား သုံးဦး ပျောက်ဆုံးနေ

မေ၊ ၂

မလေးရှားနိုင်ငံ ကမ်းလွန်ရေပြင်မှာ ရေနံတင် သင်္ဘောတစီး မီးလောင်မှု ဖြစ်ပွားပြီး ရေယာဉ် အမှုထမ်း ၃ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

 မေလ ၁ ရက်က မလေးရှားနိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဂါဘွန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောဟာ တရုတ်ကနေ စင်ကာပူကို ဦးတည် ခုတ်မောင်းနေခဲ့တာဖြစ်ပြီး စုစုပေါင်း အမှုထမ်း ၂၈ ဦး လိုက်ပါလာခဲ့ကြောင်း မလေးရှား ကမ်းခြေစောင့် တပ်က ပြောပါတယ်။

 လက်ရှိ အချိန်ထိ ရေယာဉ် အမှုထမ်း စုစုပေါင်း ၂၅ ဦးကို ကယ်ဆယ်ရရှိထားပေမယ့် ၃ ဦးကတော့ ပျောက်ဆုံးနေတယ်လို့ ကမ်းခြေစောင့် တပ်က ဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မလေးရှား ကမ်းခြေစောင့်တပ်အပြင် အနီးတဝိုက်မှာ ရှိနေတဲ့ ရေယာဉ်တချို့ကပါ ပူးပေါင်းကူညီပြီး သင်္ဘောသားတွေကို လိုက်လံ ရှာဖွေပေးခဲ့ကြပါတယ်။

 မီးလောင်မှု ဖြစ်ခဲ့တဲ့ ရေယာဉ်ဟာ MT Pabloဆိုတဲ့ ရေနံတင် သင်္ဘောဖြစ်တယ်လို့ စင်ကာပူ ဆိပ်ကမ်းနဲ့ ရေကြောင်းသွားလာမှုဌာန အာဏာပိုင်တွေကလည်း သီးခြား ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 သင်္ဘောရဲ့ ပိုင်ရှင်ဖြစ်တဲ့ မာရှယ်အိုင်းလန်း အခြေစိုက် Pablo Union Shippingက အခုကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်သလို မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း တိတိကျကျ မသိရသေးဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။