မတ္တရာမြို့အရှေ့ဖက်ရှိ ကျေးရွာတွေ စစ်ကြောင်းထိုးခံရပြီး နေအိမ် ၅၀၀ နီးပါး မီးရှို့ခံရ

ဧပြီ၊ ၃၀
 
မန္တလေးတိုင်း ၊မတ္တရာမြို့အရှေ့ဖက်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်ရှိ ကျေးရွာပေါင်း ၁၀ ရွာလောက်က နေအိမ်ပေါင်း ၅၀၀ လောက်ကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
မတ္တရာမြို့အရှေ့ဖက်က ကျေးရွာတွေကို စစ်အုပ်စုက ဧပြီလ ၂၂ ရက်နေ့မှာ စတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို တချို့ကျေးရွာတွေမှာ အထိုင်ချနားတာတွေ လုပ်ဆောင်ပြီး နေအိမ်တွေကို မီးရှိ့နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
 
” စစ်ကြောင်း ကရွာထဲဝင်မယ်ဆိုရင် နေခင်းဖက်မဝင်ဘူး။ ညဖက်ကြီးမှာ ဝင်တာပေါ့။ အဲတော့ ညဆိုရင်ကို လန့်နေရတယ်။ ဘာမှမမြင်ရတော့ ပြေးချိန်လည်း သိပ်မရဘူးလေ။ ရွာတွေ တရွာဝင်တရွာထွက်လုပ်ပြီး မီးရှို့နေတာပါ။ အခုလောလောဆယ်တော့ စစ်ကြောင်းကပြန်ထွက်သွားပြီ။ ဒါပေမယ့် စိတ်မချရသေးဘူး။ သူတို့က ကားတွေနဲ့ ရောက်ရောက်လာတတ်တယ် ” လို့ သူကပြောပါတယ်။
 
စစ်အုပ်စုက မတ္တရာမြို့အရှေ့ဖက်ရှိ ကင်းရွာ၊ ယုံပင်၊ ဇီးတပင်၊ ရွာသာရွာ၊ လက်ဝဲကြီး၊ ရှမ်းရွာ၊ ကျပ်ပြင်၊ ရှားစေချက်၊ အုတ်ဖို ၊ ကျောက်တံတား စတဲ့ကျေးရွာတွေက နေအိမ် ၅၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီကျေးရွာတွေက လူဦးရေထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်ရတာတွေ လုပ်နေရတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကြောင်းဝင်ရောက်လာချိန် ပိတ်မိပြီး အဖမ်းခံရတဲ့ ဒေသခံတွေကို ပိုက်ဆံတောင်းပြီး ပြန်ရွေးခိုင်းတာတွေ လုပ်ဆောင်ခဲ့သလို သေနတ်နဲ့ ပစ်သတ်ခံရတဲ့လူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
” ကင်းရွာဆို ရွာကြီးဆိုတော့ ၁၇၉ လုံးလောက်မီးရှို့ခံရတယ်။ စစ်ကြောင်းက မပြတ်ဘူးဗျ။ ဟိုရွာထိုင်လိုက် ဒီရွာထိုင်လိုက် အဲဒါ့မျိုးတော့ ရှိတာပေါ့။ ဒီလထဲ စီးနင်းဝင်ရောက်တာတော့ အဆိုးဆုံးပေါ့ဗျ။ အဖမ်းခံရတာတွေလည်း ရှိတယ်၊ တချို့ကျတော့ ပြန်လွှတ်လာသလို တချို့ကျလည်း ငွေညစ်နေတာတွေရှိတယ်။ စာရင်းအတိအကျတော့ ပြောဖို့ခက်တာပေါ့ဗျ။ ကာကွယ်ရေးအဖွဲ့တွေကလူတွေ သတ်ဖြတ်ခံရတာလည်း ရှိတယ်။ ကင်းပုန်းနဲ့မိပြီး အသတ်ခံရတာတွေပါ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
မတ္တရာမြို့မှာ ပတ်မွှေနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်အင်အား မမျှတလို့ ရင်ဆိုင်တိုက်ခိုက်တာမျိုး မရှိပေမယ့် ဒရုန်းနဲ့ ဗုံးသီးချတာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ နဂါးညီနောင်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။
 
” အောက်ဖက်ကနေ သူတို့က ပိတ်ထိုင်တာဗျ။ ရုန်းပင်ထိုင်တယ်။ ရှမ်းရွာ၊ ကျပ်ပြင်၊ ကင်းရွာထိုင်ပြီး ပိတ်လိုက်တာဗျ။ သူတို့က ဖြတ်လေးဖြတ်စီစဉ်တာပေါ့ဗျ။ ကျနော်တို့က အထက်ကနေ တတ်နိုင်တဲ့အားနဲ့ လုပ်ရတာပေါ့။ သူတို့လက်နက်အားသာတော့ ရင်ဆိုင်လို့တော့ မရဘူးပေါ့။ မိုင်းဆွဲတာတို့ ဒရုန်းနဲ့ တိုက်ခိုက်တာတို့ကြောင့် သူတို့ဖက်လည်း ထိခိုက်တာလေးတွေရှိပါတယ် ” လို့ သူကပြောပါတယ်။ 
ဓာတ်ပုံ – CJ