သီတဂူရေအလှူတော်အဖွဲ့ မီးပျက်လို့ မီးစက်နဲ့ ရေတင်နေရ

ဧပြီ၊ ၂၈

စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းကြီးကျောင်းတွေအပါအဝင် မယ်သီလရှင်ကျောင်းတွေကို ဧရာဝတီမြစ်ရေကို စုပ်ယူပြီးဖြန့်ဝေလှူဒါန်းမှုတွေလုပ်နေတဲ့ သီတဂူရေအလှူတော်အသင်း လတ်တလောမီးပျက်ချိန်များနေလို့ မီးစက်နဲ့ ရေတင်နေရတယ်လို့ ရေအလှူတော်အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သီတဂူရေအလှူအဖွဲ့က စစ်ကိုင်းတောင်၊ မင်ဝံတောင်၊ မင်းကွန်းတောင် စတဲ့တောင်သုံးလုံးပေါ်က သီလရှင်နဲ့ ဘုန်းကြီးကျောင်းတွေကို ရေလှူပေးဝေနေတာပါ။ အဲဒီလို့ ရေဖြန့်ဝေတဲ့နေရာမှာ ယခင်က လျှပ်စစ်မီးနဲ့ရေတင်နေတဲ့အတွက်တလမှာ မီတာခ ကျပ်သိန်း ၄၀၀ လောက်ပေးရသော်လည်း လက်ရှိမှာ မီးစက်နဲ့ ​ရေတင်နေရတဲ့အတွက် ကုန်ကျစရိတ်က နှစ်ဆမြင့်တက်လာတယ်လို့ သူကဆိုပါတယ်။

” ရေစက်က နေ့တိုင်းမောင်းရတယ် ။မီးမလာရင် အင်ဂျင်နဲ့ မောင်းရတယ်။ အခုချိန်ကျတော့ ကုန်ကျစရိတ်က ပိုများသွားပါတယ်။ သူကဆီဈေးတွေဈေးကြီးတော့ ပိုဆိုးတာပေါ့။ အရင်က မီးမှန်ရင်တော့ တလမီတာခ သိန်း ၄၀၀ ပေးရတယ်။ ဆီဈေးနဲ့ကျတော့ အခုထက်ပိုများမှာပေါ့ ” လို့ သူကပြောပါတယ်။

စစ်ကိုင်းမြို့မှာ ရေစုပ်စက်ရုံ ၃ ရုံရှိပြီး တရုံကို ရေစုပ်စက် ၁၀စက်လောက်နဲ့ စစ်ကိုင်းတောင်ရိုးကကျောင်းတိုက်တွေကို ရေအလှူပေးနေတာလို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတောင်ရိုးတလျောက်မှာ ဘုန်းတော်ကြီး၊ သီလရှင်တွေအပါအဝင်ဘုန်းကြီးကျောင်းသား၊ကပ္ပိယပါနေထိုင်ကြလို့သောင်းနဲ့ချီပြီးရှိတယ်လို့သိရပါတယ်။

အဲဒီအတွက် ရေစက်မောင်းတာကိုဆီတဂါလံ၂၅၀၀ကျပ်နဲ့ကျပ်၃၀၀၀ကြားပေးဝယ်ရကာ ရေဂါလံသိန်းနဲ့ချီတင်ပေးနေရကြောင်းနဲ့တရက်ဆီဘယ်လောက်ကုန်တယ်ဆိုတာအတိအကျမသိဘူးလို့ ရေအလှူတော်အသင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ အစိုးရလက်ထက်တုန်းက မီတာခတွေ တိုးမြင့်သတ်မှတ်လိုက်တဲ့ သီတဂူရေအလှူတော်အတွက် မီတာခတွေ တိုးမြင့်လာတယ်ဆိုပြီး အစိုးရကို သီတဂူဆရာတော်က ဝေဖန်တာတွေ လုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” အရင်အစိုးရတုန်းက မီတာခတွေတက်တော့ သူရေအလှူက တစ်လကို သိန်း ၃၀၀ ကျော်လောက်ကျတော့ ဘုန်းကြီးကပြောခဲ့ဖူးတယ်လေ ။သူမီတာခတွေဘယ်လိုလုပ်မလဲဘာညာဆိုပြီတော့ပေါ့။ အဲနောက်တစုကို ခြောက်(သိန်း)လောက်နဲ့ အလှူခံတာ သိန်းခြောက်သောင်းကျော်လောက်ရတော့ အဲဒါကိုဘဏ်ထဲထည့်ပြီး အတိုးနဲ့ မီတာခတွေရှင်းပေးနေရတာပေါ့။ အခုတော့ မီးပျက်တော့ မီးစက်တွေနဲ့ ချနေတာပဲ မီတာခထက်ပိုကုန်မှာပေါ့ ” လို့ စစ်ကိုင်းမြို့ဒေသခံ တဦးကပြောပါတယ်။

အာဏသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နီးစပ်မှုရှိတဲ့ သီတဂူဆရာတော် ဦးဆောင်တဲ့ သီတဂူရေအလှူတော်အဖွဲ့က ပြီးခဲ့တဲ့၂၀၂၀ပြည့်နှစ်မှာနေရေအလှူတော်ပေးလာတာ နှစ်ပေါင်း ၄၀ ပြည့်မြောက်ခဲ့ပြီးလို့ ဒေသခံတွေကဆိုပါတယ်။

“အရင်တုန်းကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ မီတာခတွေဈေးတင်တာတွေပြောခဲ့လည်း မသိဘူး။အခုတော့ သူက ဘတ်ဂျတ်တောင့်တော့ ရေကိုမီးစက်တွေနဲ့ တင်ပြီးချနေတာပါ။ တောင်အလယ်လောက်မှာ ကန်ကြီးတွေဆောက်ပြီး တင်လိုက်တယ်အဲဒီကတဆင့်အပေါ်ကိုထပ်တက်ပြီး ကျောင်းတွေကို ရေဖြန့်ပေးတာပေါ့။ စစ်ကိုင်းတတောင်လုံးက သီတဂူရေပိုက်တွေရောက်တယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း စစ်ကိုင်းမြို့ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးတိုင်တွေ ရာသီဥတုဒဏ်ကြောင့် ပျက်ဆီးခဲ့ရတဲ့အတွက် မြို့ပေါ်မှာ မီးပျက်ချိန်များခဲ့သလို မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရေပြတ်လပ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တနိုင်ငံမှာ လျှပ်စစ်ပြတ်တောက်မှုအချိန်များပြားလာနေသလိုရန်ကုန်၊မန္တလေးအပါအဝင်မြို့ကြီးတွေမှာ ရေအခက်အခဲပြဿနာမြင့်မားလာနေတာလည်းရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ကယားပြည်နည်စတဲ့ဒေသတွေက သိန်းနဲ့ချီတဲ့စစ်ရှောင်တွေဟာ အပူချိန်ပြင်းထန်မှုသာမက ရေရှားပါးတာ၊ သန့်ရှင်းတဲ့ရေလုံလုံလောက်လောက်မရလို့ ဝမ်းပျက်ဝမ်းလျောရောဂါအပါအဝင်ကျန်းမာရေးပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။