ငါးသိုင်းချောင်းမြို့က မှုခင်းသတင်းထောက် တဦးပစ်ခတ်ခံရပြီးသေဆုံး

ဧပြီ၊ ၂၇

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့က မှုခင်းသတင်းထောက်တဦးဟာ ဒီကနေ့မနက်ပိုင်း က နေအိမ်မှာ ပစ်ခတ်ခံရပြီး နေရာမှာပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အပိုင် မရင်းကူးရွာမှာနေထိုင်တဲ့ မှုခင်းသတင်းထောက် ဦးတင်သန်းဆိုသူဟာ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က တဦးတည်းနေအိမ်မှာရှိနေချိန် ဝင်ရောက်ပစ်ခတ်ခံရတာဖြစ်တယ်လို့ဆိုပါ တယ်။

ဦးတင်သန်းဟာ တဦးတည်း အိမ်မှာရှိနေချိန် သေနတ် သမား က နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်တာကြောင့် ရင်ဝကို ကျည်နှစ်ချက်ထိမှန်ပြီး ကျောဖောက်ထွက်ဒဏ်ရာရကာ သေဆုံးသွားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေကပြောပါတယ်။

သေဆုံးသူ ဦးတင်သန်းဟာ မှုခင်းသတင်းထောက်တဦးဖြစ်သလို အရင်က အ မှုပွဲစား အလုပ်လုပ်ခဲ့ဖူးပြီး ရဲ သတင်းပေး၊စစ်ကောင်စီသတင်းပေးတဦးအဖြစ်လည်း ဒေသခံတွေကြား သတ်မှတ်ခံရပြီး မရင်းကူးတင်သန်း၊ နေပြည်တော်တင်သန်းဆိုတဲ့အမည်တွေနဲ့ လူသိများသူလို့ ဆိုပါတယ်။

“သူက အမှုသည် တွေဆီက ငွေညှစ်ကြမ်းတယ်၊ အနိုင်ကျင့်ငွေတောင်းတာ ဆိုတော့ လူမုန်းလည်းများတယ်လေ ” လို့ဒေသခံ သ တင်းရင်းမြစ် တဦးက ​ပြောပါတယ်။ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဦးတင်သန်းက သတင်းပေး တိုင်ကြားတာကြောင့် ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ အဲ့ဒီသတင်းရင်းမြစ်က ပြောပါတယ်။

ဒီအခြေအနေတွေကိုတော့ DNAအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ဒီကနေ့ပစ်ခတ်မှုနဲ့ ပက်သက်လို့ ဒေသခံတော် လှန်ရေး အင်အားစုတွေဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

ပစ်ခတ်မှု ဖြစ်ပွါးပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေက ရေကြည်မြို့ နဲ့ ငါးသိုင်းချောင်းမြို့ ကျုံတာလမ်းဆုံ၊ ပိ တောက်ချောင်ဂိတ်တို့မှာ ပိတ်ဆို့စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရေကြည်မြို့နယ်မှာ ၂၀၂၂ခုနှစ် စက်တင်ဘာလက စစ်ကောင်စီ လက်အောက်ခံ ဇရပ်လှကျေးရွာအုပ် ချုပ်ရေးမှူး သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ပစ်ခတ်ချိန်မှုဖြစ်ချိန် အနီးမှာရှိနေတဲ့ ပိတောက်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း လက်မောင်း ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။