လှူထားတဲ့ ရေယာဉ်တွေကို စစ်ကောင်စီက တလွဲအသုံးပြုနေတဲ့အပေါ် ဂျပန် ကန့်ကွက်

 

ဧပြီ၊ ၂၇

ဂျပန်က ထောက်ပံ့ လှူဒါန်းပေးထားတဲ့ ရေယာဉ်တွေကို အာဏာသိမ်း မြန်မာစစ်ကောင်စီက အလွဲသုံးစား အသုံးချနေတာနဲ့ ပတ်သက်လို့ ဂျပန် အစိုးရက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

 ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာစစ်တပ်ဟာ ဂျပန်ရဲ့ ထောက်ပံ့ရေး အစီအမံတွေအရ ပေးအပ်ထားတဲ့ ရေယာဉ်တွေကို မလျော်မကန် အသုံးချနေတယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ပြောပါတယ်။

 ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ ရေကြောင်း သယ်ယူပို့ဆောင်မှု ကဏ္ဍမှာ ပိုမို အဆင်ပြေ ချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အတွင်း ကမ်းရိုးတန်းသွား ရေယာဉ် ၃ စီးကို လွှဲအပ်ပေးခဲ့ပါတယ်။ အဲဒီရေယာဉ်တွေကို မြန်မာ ပြည်သူတွေက ပို့ဆောင်ဆက်သွယ်ရေးနဲ့ တခြား အရပ်ဖက် ရည်ရွယ်ချက်တွေအတွက် အသုံးပြုနေခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

 ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကစလို့ အဲဒီ ရေယာဉ်တွေကို အာဏာသိမ်း စစ်ကောင်စီက စစ်ရေးအတွက် မလျော်မကန် အသုံးပြုနေကြောင်း စွပ်စွဲချက်တွေ စတင် ထွက်ပေါ်လာပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သေချာ ဆန်းစစ် စုံစမ်းခဲ့ပြီး တကယ်လည်း ဂျပန်ရဲ့ ရေယာဉ်နှစ်စီးကို လက်နက်နဲ့ စစ်သည်တွေ သယ်ယူပို့ဆောင်တာမျိုး မသင့်မလျော် ကိစ္စတွေအတွက် အသုံးပြု ခံနေရကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

 ဒါကြောင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာ စစ်ကောင်စီဆီ အသိပေး ကန့်ကွက်ခဲ့သလို နောက်ထပ် အလားတူ အခြေအနေမျိုး ထပ်ပြီး ပေါ်ပေါက်မလာအောင် တားဆီးပေးဖို့ပါ တောင်းဆိုခဲ့တယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။

 နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြန်ကြားရေး တာဝန်ခံ အမျိုးသမီး အိုနို ဟီကာရီကိုကလည်း ဒီလိုကိစ္စတွေ ဖြစ်ခဲ့တဲ့အပေါ် အလေးအနက် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဂျပန်က မြန်မာဆီ ရည်ရွက်ချက် ကောင်းကောင်းနဲ့ ထောက်ပံ့ထားတဲ့ အကူအညီတွေကို ဒီလို အသုံးချာတမျိုး ထပ်မဖြစ်အောင် ဂျပန်အနေနဲ့ ကြိုးစား လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။

 ဂျပန်က ထောက်ပံ့လှူဒါန်းထားတဲ့ အရပ်ဖက်သုံး ရေယာဉ်တွေကို စစ်ကောင်စီက စစ်ရေးအတွက် အပိုင်စီးပြီး အသုံးချနေတဲ့ ကိစ္စကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ထဲက မေယုမြစ်ကြောင်းမှာ စစ်သား ၁၀၀ ဝန်းကျင်နဲ့ ခဲယမ်းမီးကျောက်တွေ သယ်ယူ ပို့ဆောင်ဖို့အတွက် ဂျပန်ဆီက ရတဲ့ ရေယာဉ်တွေထဲက ၂ စီးကို မြန်မာစစ်တပ်က အသုံးပြုခဲ့တယ်လို့ HRWက ဆိုပါတယ်။

 HRWရဲ့ အာရှပရိုဂရမ် ရုံးဌာန အရာရှိ တက်ပိုင်ကာဆိုင်က တကယ်လို့ သူတို့ လှူထားတဲ့ ရေယာဉ်တွေကို မြန်မာစစ်တပ်က တလွဲအသုံးချနေတာကို ဂျပန်က လက်ခံ ခွင့်ပြုပေးထားမယ် ဆိုရင် စစ်ကောင်စီ ကျူးလွန်နေတဲ့ လုပ်ရပ်တွေမှာ ဂျပန်က ထောက်ခံ အားပေးသူအဖြစ် အဓိပ္ပါယ် သက်ရောက်သွားလိမ့်မယ်လို့ ဝေဖန် ပြောကြားခဲ့ဖူးပါတယ်။