နျူခြိမ်းခြောက်မှုကနေ တောင်ကိုရီးယားကို ကာကွယ်ပေးမယ့် အစီအမံသစ်တွေကို ဘိုင်ဒန် ကြေညာမယ်လို့ဆို

ဧပြီ၊ ၂၅

တောင်ကိုရီးယား နိုင်ငံကို နျူကလီးယား ခြိမ်းခြောက်မှုတွေကနေ အကာအကွယ်ပေးမယ့် အမေရိကန်ရဲ့ အစီအမံသစ်တွေကို အခု သီတင်းပတ်မှာ သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ကြေညာသွားမယ်လို့ သိရပါတယ်။

 တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ဟာ အခု သီတင်းပတ်ထဲမှာ အမေရိကန်ကို သွားရောက်ပြီး ဘိုင်ဒန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်အတွင်း ဘိုင်ဒန်က မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေ၊ ဆိုက်ဘာ တိုက်ခိုက်မှုတွေကနေ တောင်ကိုရီးယားကို ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့ အစီအမံအသစ်တွေကို အသေးစိတ် ကြေညာသွားမယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

 တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ အရေးအကြီးဆုံး အရှေ့အာရှ မဟာမိတ် နိုင်ငံတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နည်းပညာ အဆင့်မြှင့်တင်မှုတွေက စဉ်ဆက်မပြတ် ခြိမ်းခြောက်လာတဲ့နောက် တောင်ကိုရီးယားဟာ ကိုယ်ပိုင် နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေး အတွက်ပါ စဉ်းစားလာခဲ့ပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ဟာ မဟာမိတ် တောင်ကိုရီးယားရဲ့ လုံခြုံရေး ကဏ္ဍကို အပြည့်အဝ အာမခံချက် ပေးထားပေမယ့် တောင်ကိုရီးယားက နျူကလီးယား လက်နက်တွေ ထုတ်လုပ်မယ့် အခြေအနေကိုတော့ အားမပေးပါဘူး။

 နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်နေတဲ့ မွန်းရဲ့ ခရီးစဉ်အတွင်း ဘိုင်ဒန်ဟာ ထိရောက်ပြီး လက်တွေ့ကျတဲ့ ကာကွယ်ရေး အစီအမံ အသစ်တွေကို တရားဝင် ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ လုံခြုံရေး အကြံပေး အရာရှိ ဂျိတ်ခ် ဆူလီဗန်က ဆိုပါတယ်။

 နောက်ပြီး အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်လာနိုင်ခြေတွေကနေ တောင်ကိုရီးယားကို သံကွန်ချာလို အုပ်မိုး ကာကွယ်ပေးထားဖို့ ဆက်လက် အာရုံစိုက်ထားဆဲလို့လည်း သူက အလေးအနက် ပြောပါတယ်။

 မကြာသေးခင်က မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာတွေကို အရှိန်မြှင့် တီထွင်လာခဲ့ပြီး လောလောလတ်လတ် အနေနဲ့ ခေတ်မီ လောင်စာတောင့် နည်းပညာသုံး ဒုံးကျည် တစင်းကို ပထမဆုံး အကြိမ်အဖြစ် အောင်အောင်မြင်မြင် ပစ်ခတ်ပြထားပါတယ်။

 စစ်ရေး သုတေသီတွေကတော့ မြောက်ကိုရီးယားဟာ ပိုပြီး ဖျက်ဆီးအား ပြင်းထန်တဲ့၊ ရေဒါနဲ့ ထောက်လှမ်းရဖို့နဲ့ ကြားဖြတ် ပစ်ချဖို့ ခက်ခဲတဲ့ တာဝေးပစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရေးကို သည်းသည်းမည်းမည်း အားထုတ် ကြိုးစားနေပြီး အောင်မြင်မှုတွေလည်း ရရှိနေတယ်လို့ ယုံကြည်ရကြောင်း ပြောကြားထားပါတယ်။