ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော်ရောက်နေ

ဧပြီ၊ ၂၄
 
The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဌ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ မနေ့က နေပြည်တော်ကို ရောက်နေပြီး မြန်မာနိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေမှုတွေ ဖြစ်လာဖို့ ကြားဝင်ဆောင်ရွက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
 
နေပြည်တော်ကို ဧပြီလ ၂၃ ရက် ညနေပိုင်းက ရောက်ရှိနေတဲ့ မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ The Elders အဖွဲ့ရဲ့ ဒုဥက္ကဌနဲ့ အဖွဲ့အဖြစ် အခုခရီးစဉ်ကို လာရောက်တာဖြစ်ပြီး ဘယ်လောက်ကြာမယ်၊ ဘာကြောင့် ခရီးစဉ်လာတယ်ဆိုတာကို နှစ်ဖက်စလုံးက ထုတ်ပြန်တာမရှိသေးပါဘူး။
 
ကုလအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့က ကြိုဆိုတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
 
The Elders အဖွဲ့ရဲ့ အခု ရက်တိုခရီးစဉ်မှာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်သလို မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးဖို့နဲ့ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့‌ တွေ့ခွင့်ရရေး တောင်းဆိုနိုင်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
 
” တောင်းတာတော့ တောင်းမယ်လို့ ယူဆတယ်။ ဒီလိုမျိုး တွေ့ခွင့်တောင်းနေတဲ့ဟာ တွေ့ဆုံဆွေးနွေးရေးမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ အဖမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေ လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ဆိုတဲ့ အချက်ကတော့ UN ကရော၊ နိုင်ငံတကာအသိုင်းအဝိုင်းကရော တောင်းဆိုနေတာဖြစ်တယ် ” လို့ နိုင်ငံရေးလေ့လာသူ ဦးစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
 
နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ UN ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး တောင်းဆိုမှုတွေကို စစ်အုပ်စုက အမှုတွေမပြီးပြတ်သေးတဲ့အတွက် တွေ့ဆုံခွင့်မပေးနိုင်ဘူးလို့ ငြင်းဆန်လေ့ ရှိပါတယ်။
 
” တကယ်တွေ့ခွင့် ရမယ်၊ မရဘူးဆိုတာတော့ စကစရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ စကစရဲ့ ဆုံးဖြတ်ချက်ကတော့ အမှုရင်ဆိုင်နေရတယ်၊ အမှုမပြီးပြတ်သေးဘူး၊ စီရင်ချက်မချရသေးဘူး ဆိုတဲ့ဟာနဲ့ တွေ့လို့မရဘူးဆိုတဲ့ ရပ်တည်ချက်နဲ့ တွေ့ရတယ်။ ဒီလိုတွေ့ဆုံစေချင်တယ် ၊ လွှတ်စေချင်တယ်ဆိုရင် သူတို့ရဲ့ စွဲဆိုနေတဲ့ အမှုတွေကို အမြန်အပြီးသတ်ပြီး လွှတ်ပေးလိုက်တဲ့ သာဓကတွေလည်း ရှိတယ်။ စကစရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်ရမယ်လို့ ထင်တယ် ” လို့ ဦးစိုင်းကြည်ဇင်စိုးက ဖြည့်စွက်ပြောပါတယ်။
 
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို စီရင်ချက်ချထားပြီးဖြစ်ပေမဲ့ အယူခံဝင်ထားတဲ့ ပုဒ်မတချို့သာ ရှိပါတယ်။
 
မစ္စတာဘန်ကီမွန်းဦးဆောင်လာတဲ့ အဲဒီအဖွဲ့ဟာ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ၊ လူ့အခွင့်အရေးပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားပြီး သူ့အနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းက မြန်မာ့အရေးဆွေးနွေးရန် လာရောက်ဖို့ကြိုးစားခဲ့ပေမယ့် အဲဒီတုန်းက စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။
 
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမပျက်စီးအောင် ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ဖိအားတွေပေးဖို့ The Elders အဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇွန်လက ကြေညာချက်ထုတ်ပြန်တိုက်တွန်းတာတွေ ဆောင်ရွက်ခဲ့ပါသေးတယ်။
ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ဦးဆောင်တဲ့ The Elders အဖွဲ့ရဲ့ နေပြည်တော် ခရီးစဉ် မတိုင်မီ ၃ ရက်အလိုခန့် (ဧပြီ ၂၁)က ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Mr. Don Pramudwinai တို့ နေချင်းပြန်ခရီးစဉ်အဖြစ် စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
 
ဧပြီလ ၁၈ ရက််ကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ် Peng Xiubin ဟာ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်စိန်တို့နဲ့ တွေ့ဆုံထားပါတယ်။ 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ