AI အင်တာဗျူးနဲ့ ပတ်သက်လို့ တရားစွဲဖို့ စီစဉ်နေတဲ့ ရှူမေကာရဲ့ မိသားစု

ဧပြီ၊ ၂၁

ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဖော်ပြထားတဲ့ အင်တာဗျူး တခုနဲ့ ပတ်သက်လို့ ကမ္ဘာကျော် ဖော်မြူလာဝမ်း ပြိုင်ကား ချန်ပီယံဟောင်း မိုက်ကယ် ရှူမေကာရဲ့ မိသားစုက တရားစွဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ် ဆွတ်ခူးခဲ့ဖူးသူ ဂျာမန် ဂန္ထဝင် ပြိုင်ကား ချန်ပီယံဟောင်းဟာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက မိသားစုနဲ့အတူ နှင်းလျှောစီးရင်း ဆိုးရွားလှတဲ့ ဦးခေါင်းထိခိုက်မှု ဒဏ်ရာတခု ရရှိခဲ့ပါတယ်။ အဲဒီကတည်းက သူဟာ လူမြင်ကွင်းရှေ့ကို လုံးဝ ထွက်ပေါ်မလာတော့ပါဘူး။

အခုအခါမှာ ဂျာမန် မဂ္ဂဇင်း Die Aktuelleက အသက် ၅၄ နှစ်အရွယ် ရှူမေကာရဲ့ ပြုံးနေတဲ့ ဓာတ်ပုံတပုံကို မျက်နှာဖုံး တင်ထားပြီး ‘မိုက်ကယ်ရှူမေကာ၊ ပထမဆုံး အင်တာဗျူး’ဆိုတဲ့ စာသားကို ထင်ထင်ရှားရှား ရေးသားထားပါတယ်။ မျက်နှာဖုံးဓာတ်ပုံ အောက်ဖက်နားကျမှသာ ‘တကယ့်အစစ်လိုပဲ’ဆိုတဲ့ စာသားကို စာလုံးအသေးနဲ့ ထပ်ရေးထားခဲ့ပါတယ်။

တကယ်တမ်းတော့ မဂ္ဂဇင်းက ရှူမေကာနဲ့ အင်တာဗျူးထားတာ မဟုတ်ဘဲ character.aiဆိုတဲ့ AI နည်းပညာ ဝက်ဘ်ဆိုက် တခုက ထုတ်ပေးတဲ့ အင်တာဗျူးကိုသာ ပြန်ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ AI ဆောင်းပါးမှာ ရှူမေကာက သူ့ကျန်းမာရေးနဲ့ သူ့မိသားစု အရေးကိစ္စတွေကိုပါ ဖြေကြားထားသလို ပါရှိနေပါတယ်။

AIက ထုတ်ပေးတဲ့ အင်တာဗျူးမှာ ရှူမေကာက သူဟာ အဖွဲ့သားတွေရဲ့ ဖေးမ ကူညီမှုနဲ့အတူ ဖြည်းဖြည်းဆီ လမ်းပြန်လျှောက်နေနိုင်ပြီ ဆိုတာမျိုး စကားတွေပါ ဖော်ပြထားပါတယ်။ ဇနီးနဲ့ ကလေးတွေက သူ့ဘ​ဝအတွက် အကြီးမားဆုံး ကောင်းချီး မင်္ဂလာတွေ ဖြစ်ခဲ့ကြောင်း၊ သူတို့သာ မရှိခဲ့ရင် သူလည်း ရှင်သန်နိုင်မှာ မဟုတ်ကြောင်း၊ ဖြစ်ခဲ့သမျှအတွက် သူ့မိသားစုက အရမ်း ဝမ်းနည်း ကြေကွဲနေတဲ့တိုင် အဆိုးဆုံး အခိုက်အတန့်တွေမှာ သူ့ဘေးက မြဲမြဲရပ်ပြီး အစွမ်းကုန် ကူညီပေးခဲ့ကြကြောင်း ရှူမေကာအစား AIက အင်တာဗျူး ဖြေပေးထားခဲ့ပါတယ်။

 ရှူမေကာရဲ့ မိသားစုက ဒီကိစ္စဟာ လက်မခံနိုင်စရာ အပြုအမူ တခုအဖြစ် ယူဆပြီး အခုတော့ မဂ္ဂဇင်းကို တရားစွဲဆိုဖို့ စီစဉ်နေပြီဖြစ်ကြောင်း Reuters သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။ မဂ္ဂဇင်းဖက်ကတော့ အခုကိစ္စအပေါ် မှတ်ချက် မပေးလိုကြောင်း ပြောပါတယ်။

 AI နည်းပညာဟာ အခုနှစ်ပိုင်းတွေအတွင်း သိသိသာသာ အသုံးများလာသလို အလုပ်ပြီးမြောက်မှု မြန်ဆန်တာ၊ လက်ခံနိုင်လောက်တဲ့ ထုတ်ကုန်ရလဒ်တွေ ထွက်ပေါ်လာတာစတဲ့ ကောင်းကျိုးတွေ ရှိနေသလို တဖက်မှာလည်း လူသားတွေရဲ့ အလုပ်အကိုင် အခွင့်အရေးကို ခြိမ်းခြောက်လာတဲ့အပြင် ကျင့်ဝတ်ပိုင်း၊ ဥပဒေ စံနှုန်းပိုင်းနဲ့ မူပိုင်ခွင့်ပိုင်းစတဲ့ ကဏ္ဍမျိုးစုံအတွက် အငြင်းပွားစရာ ပြဿနာတွေလည်း တပုံတပင် ရှိနေဆဲ ဖြစ်ပါတယ်။

 

Ref: Reuters