ဧပြီ၊ ၁၉
ကရင်ပြည်နယ်၊ မြဝတီမြို့ပြင် သင်္ဃန်းညီနောင်အဝေးပြးလမ်းမကြီးဘေးနားမှာ တိုက်ပွဲပြင်းထန်နေသလို မဲကနယ်ဒေသတဝိုက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
မြဝတီမြို့ မဲကနယ်ရွာတဝိုက်ကို ဒီကနေ့ မနက် ၆ နာရီကျော်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နှစ်ဘက်ပစ်ခတ်မှုအတွင်းစစ်ကောင်စီဘက်က တေတေခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားပြီး ဂျက်ဖိုက်တာလေယာဥ်၊ Mi – 35 ရဟတ်ယာဥ်တွေအသုံးပြုကာ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ VENOM Column စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
“ သူတို့တွေ တော်တော်များများ သေတယ်၊ ထိတယ်ပေါ့နော်။ ခြင်းကျားနဲ့ အလောင်းတွေ ကျန်ခဲ့တယ်။ အဲမှာ သူတို့က ပြန်ဆုတ်သွားပြီးတော့မှ မနက်က ဂျက်ဖိုက်တာတွေနဲ့ လိုက်ပစ်တယ်၊ Mi-35 က စက်သေနတ်နဲ့ လိုက်ပစ်တယ်၊ ငါးခါတိတိကို ဝဲပြီးတော့မှ ပစ်သွားတယ်။ မြဝတီနားတဝိုက်က မဲကနယ် ဘက်မှာပေါ့၊ အဲဒီတဝိုက်ပစ်တာပေါ့။ ဒါက ကျွန်မတို့နဲ့ အဆက်အသွယ်ရတဲ့ မနက် ၁၀ နာရီကျော်အထိ အခြေအနေပါ ” လို့ သူကပြောပါတယ်။
လက်ရှိမှာလည်း မဲကနယ်ဒေသတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားပြန်လည်စုစည်းထားပြီး စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ဖို့ ပြင်ဆင်နေသလို တချို့နေရာတွေမှာ လက်ရှိအချိန်အထိ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေဆဲလို့ ဆိုပါတယ်။
ဒါ့အပြင် မြဝတီမြို့အထွက် သင်္ဃန်းညီနောင်သွားတဲ့ ကားလမ်းမကြီးဘေးအနီးတဝိုက်မှာလည်း ဒီကနေ့မနက်ပိုင်းမှာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီအနီးအနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေကလည်း အပြင်ထွက်သွားလာမှု မရှိကြတော့ဘူးလို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
“ ဖြစ်နေတာတော့ အရင်နေ့ကတည်းက၊ လက်နက်ကြီးအသံတွေ ကြားနေရတာပေါ့။ အဲဒီလမ်းမကြီးဘေးနားတဝိုက်မှာပေါ့နော်။ ဒီနေ့မနက်မှာမှ အပြန် အလှန်ပစ်ခတ်သံတွေ လက်နက်ကြီးပစ်ခတ်သံတွေ ခပ်စိပ်စိပ်ဖြစ်နေတာ များလာတယ်။ အခုချိန်မှာတော့ တချက်ချက်ပစ်ခတ်သံတွေတော့ ကြားနေရသေးတယ်။ တိုက်ပွဲက ငြိမ်သွားတဲ့သဘောမျိုးမ ဟုတ်ဘဲ အချိန်မရွေး ပစ်ခတ်မှုပြန်ဖြစ်နိုင်တော့ ဒီအနီးအနားက လူတွေလည်း ဘယ်သူမှ အပြင်မထွက်ရဲကြဘူး၊ ကိုယ့်အိမ်တွေမှာ နေနေကြတယ်၊ ကြောက်နေကြတယ် ” လို့ သူက ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မြဝတီ-အာရှလမ်းမကြီးပေါ်မှာ သင်္ကြန်မတိုင်ခင်ကတည်းက တိုက်ပွဲပြင်းထန်ကာ စစ်ရေးတင်းမာနေတာဖြစ်ပြီး အဲဒီလမ်းပိုင်းကို ဧပြီလ ၂၁ ရက်အထိ အသုံးမပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် စာထုတ်ပြန်ပြီးနောက် တိုက်ပွဲငြိမ်သက်နေတဲ့ ရက်ပိုင်းတွေမှာတော့ အဲဒီလမ်းပိုင်းမှာ အိမ်စီးကားတချို့တော့ သွားလာတာတွေ ရှိခဲ့တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
လတ်တလော အဲဒီလမ်းပိုင်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ဒီကနေ့မှာတော့ မြဝတီ-အာရှလမ်းပိုင်း အသုံးပြုသွားလာတာမျိုး မရှိတော့ဘူးလို့ ခရီးသည်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။
“ စစ်တပ်ဘက်ကလည်း သူတို့တာဝန်မယူဘူး၊ လာတာတွေ့ရင် ပစ်ရင် ပစ်မယ်ဆိုပြီး၊ အဲဒီကတည်းက အာရှလမ်းကို ကားသမားတွေ မသွားတော့ဘူး။ ဒီနောက်ပိုင်း သင်္ကြန်ကာလအတောအတွင်း တိုက်ပွဲ နည်းနည်းငြိမ်နေတဲ့အချိန်ကတော့ တချို့ကားအသေးတွေ သွားတာမျိုးရှိတယ်၊ နည်းနည်းပါပဲ၊ အရမ်းနည်းတဲ့ပမာဏပါ။ အခုပြန်ဖြစ်တော့ ဒီနေ့မှာ ဘယ်သူမှ ထပ်မသွားပြန်တော့ဘူး ” လို့ သူကပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာ အနောက်ဖက်ကျောက်တောင်မှာရှိတဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်တာဘောရဲ့ စခန်းတစ်ခုကို မနေ့ (ဧပြီ ၁၈ ရက်) ညနေ ၄ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ လူမူကွန်ယက်စာမျက်နှာတွေ ဓါတ်ပုံ၊ ဗီဒီယိုဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းဘက်က အတည်ပြုချက်တော့ မရရှိသေးပါဘူး။ မကြာသေးခင်ကမှ ကော်ဘရာစစ်ကြောင်းနဲ့ပူးပေါင်းထားပြီး ကော်ဘရာစစ်ကြောင်း(၂)အဖြစ်ရပ်တည်နေတဲ့ VENOM စစ်ကြောင်းပြန်ကြားရေးတာဝန်ခံကလည်း ဗိုလ်တာဘောရဲ့စခန်း လက်လွှတ်လိုက်ရတယ်ဆိုတာ သတင်းမသိရသေးဘူးလို့ပြောပါတယ်။
ဓာတ်ပုံ – Cobra Column