ဧပြီ၊ ၁၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း တာဟန်းရပ်ကွက်မှာ မနေ့ကညပိုင်းက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေကြောင့် ဆေးရုံမှာကုသမှုခံယူနေတဲ့ နှလုံးရောဂါသည်တဦး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တာဟန်းရပ်ကွက်ဘက်မှာ ဧပြီ ၁၈ ရက်ည ၈ နာရီခွဲကနေ ၁၀ နာရီဝန်းကျင်အထိ တနာရီခွဲလောက်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။
နှစ်ဘက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ပစ်ခတ်မှုဖြစ်တဲ့နေရာအနီး ဝယ်စလီဆေးရုံမှာ နှလုံးရောဂါနဲ့ တက်ရောက်ကုသမှုခံယူနေတဲ့ အသက် (၃၇) နှစ်အရွယ် အမျိုးသမီးတဦး ထိတ်လန့်သေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ DNA က သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ နှစ်ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေလည်း ပါဝင်ခဲ့ပြီး တာဟန်းရပ်ကွက်က နေအိမ်ငါးလုံးထက်မနည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးတဲ့အပြင် ဒေသခံတဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
” ပန်းသီးတိုက်လမ်းကြားအနောက်ဘက်က အိမ်တွေကို မှန်တာ၊ တအိမ်က တော်တော်ဆိုးတယ်၊ အမိုးတွေ ပွင့်သွားတာ၊ လူတွေက အောက်ထပ်မှာမို့ ကံကောင်းသွားတာ၊ B ရပ်ကွက်က နေအိမ်မှန်တာမှာတော့ တဦးထိတယ်၊ ဒဏ်ရာတော့ မများဘူးပြောတယ် ” လို့ ကလေးမြို့အနောက်ပိုင်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
ဒေသခံတွေကတော့ အဲ့ဒီလက်နက်ကြီးတွေဟာ စစ်ကောင်စီဘက်က ပစ်တာလို့ ဆိုကြပါတယ်။
ကလေးမြို့အနောက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုမဖြစ်တာ တလနီးပါးကြာခဲ့ပြီးမှ မနေ့ကပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ ပစ်ခတ်မှုအတွင်းစစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေ နှစ်ဘက်ထိခိုက်မှုအခြေအနေကိုမသိရသေးပါဘူး။
ပစ်ခတ်မှုဖြစ်ပွားနောက်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြန်ဆုတ်ခွာရာလမ်းကြောင်းကိုမှန်းဆပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်တဲ့အတွက် နေအိမ်တွေကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလေးမြို့လမ်းမ နေရာတော်တော်များများမှာ လုံခြုံရေးတွေချထားပြီး စစ်ဆေးတာ၊ ဆိုင်ကယ်နှစ်ယောက်စီးလာသူတွေကို ပစ်ခတ်တာမျိုးတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ