သပိတ်ကျင်း၊တကောင်းတိုက်နယ်ဒေသခံလေးထောင်ဝန်းကျင်စစ်ရှောင်နေရပြီး လူတရာကျော်ဝမ်း ရောဂါဖြစ်နေ

ဧပြီ၊ ၁၈
 
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်းက ဒေသခံ လေးထောင်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး သောက်သုံးနေမသန့်တာကြောင့်လူတရာကျော်လောက် ဝမ်းရောဂါတွေဖြစ်နေကြတယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – တကောင်းက တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
တကောင်းတိုက်နယ်က စစ်ရှောင်ပြည်သူ ကလေးနဲ့ လူကြီးတွေမှာ လတ်တလော ဝမ်းရောဂါခံစားနေရသလို သွေးလွန်းတုပ်ကွေးဖြစ်နိုင်တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ သူကဆိုပါတယ်။
 
” ကလေးငယ်နဲ့ လူကြီးတွေပဲ ဖြစ်နေတယ်၊ အသက်ကြီးတဲ့ အဖိုးအဖွားတွေမှာလည်း ဖြစ်နေတယ်၊ လောလောဆယ်ကတော့ အရမ်းကြီးမဆိုးသေးပါဘူး၊ ဒါပေမယ့် ကြာရင်တော့ဆိုးလာနိုင်ပါတယ်၊ ခြင်အရမ်းပေါတော့ သွေးလွန်တုပ်ကွေးတွေ ဖြစ်လာနိုင်ပါသေးတယ်၊ ဒီအတိုင်းဖြစ်သလိုနေကြရတာလေ ” လို့ သူကပြောပါတယ်။
 
တကောင်းတိုက်နယ်ဟာ သပိတ်ကျင်းမြို့နယ် မြောက်ခြမ်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ထိစပ် ဒေသမှာရှိပြီး အခုလ ၁၃ ရက်ကနေ ၁၆ ရက်အထိ အဲ့ဒီဒေသတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။
 
ဒါ့အပြင် စစ်အုပ်စုက အခုလ ၁၅ ရက်က တရက်တည်း လေကြောင်းကတိုက်ခိုက်မှု ငါးကြိမ်အထိ လုပ်ခဲ့တာကြောင့် ဒေသခံတွေရဲ့နေအိမ်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ သေကြေပျက်ဆီးခဲ့ရပါသေးတယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲတွေအပြင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာမှာ၊ လေကြောင်းက တိုက်ခိုက်လာမှာတွေကို စိုးရိမ်တာကြောင့် ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတော စတဲ့ တကောင်းတိုက်နယ်အတွင်း ရွာတွေက ဒေသခံ (၄၀၀၀) လောက်ဟာ နီးစပ်ရာတောတွေထဲမှာ လက်ရှိအချိန်အထိ စစ်ရှောင်နေကြရတာပါ။
 
လက်ရှိဝမ်းရောဂါဖြစ်နေတဲ့ စစ်ရှောင်တွေကို ဆေးဝါးနားလည်တတ်ကျွမ်းသူတွေက ကုသပေးနေသလို ဆေးဝါးလိုအပ်ချက်တွေအပြင် စာနပ်ရိက္ခာတွေလည်း လိုအပ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
 
” အရင်ကတည်းက ရွာတွေမှာ ဆေးဝါးနားလည်တတ်ကျွမ်းတဲ့ ဆရာမတွေရှိပါတယ်၊ ခုသူတို့ကုသပေးနေပါတယ်၊ ရွာတွေထဲမနေရဲလို့ အိမ်ကထွက်လာကတည်းက နိုင်ရာသယ်ခဲ့ကြပါတယ်၊ ဒီလိုပဲ အဲဒါတွေမျှစားနေတာပါ၊ နွေဆိုတော့ ရေလည်းမပေါဘူး၊ ခုတော့နီးစပ်ရာ ရေတွင်း၊ ဘုံဘိုင်တွေကနေ သယ်ခပ်သောက်သုံးနေရပါတယ် ” လို့ သူက ပြောပါတယ်။
 
လက်ရှိတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ရွာတွေဟာ တိုက်ပွဲတွေမကြာမကြာ ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေသလို ရှမ်းပြည်နယ် မဘိမ်းမြို့နယ်နဲ့လည်း ထိစပ်ကာ ရွှေလီမြစ်နဲ့ ဧရာဝတီမြစ်ကြားမှာ ရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ