ဧပြီ၊ ၁၇
စစ်ကောင်စီက ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ နှစ်ဆန်းတရက်နေ့ ပဲခူးတိုင်းအနောက်ခြမ်း ပြည်ထောင်နဲ့ ပေါင်းတည်အကျဉ်းထောင်တွေကနေ ပြန်လွတ်လာသူ (၁၃)ဦးရှိပြီး နိုင်ငံရေးအကျဉ်းသား တဦးမှမပါဘူးလို့ နိုင်ကျဉ်းမိသားစုဝင်တွေ၊ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
” ၅၀၅ တွေပါတယ်ဆိုလို့ လာကြိုနေတာ၊ လွတ်ပြီးသွားပြီလို့ ထောင်ဝန်ထမ်းတွေက ပြောတယ်၊ (နိုင်ကျဉ်း) တယောက်မှ ပြန်လွတ်လာတာလည်း မတွေ့ဘူး။ လွတ်ရက်က ရက်ပိုင်းပဲလိုတော့တယ်၊ ဒါကိုတောင်လွှတ်မပေးဘူး သက်သက်ဒုက္ခပေးနေသလိုပဲ ” လို့ ပြည်မြို့အကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မနဲ့ ထောင်နှစ်နှစ်ကျခံနေရသူရဲ့ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
ဒီကနေ့ ပြည်မြို့အကျဉ်းထောင်နဲ့ ပေါင်းတည်မြို့ အကျဉ်းထောင်တွေက လွတ်မြောက်လာသူတွေထဲ စစ်ပြေး ရှစ် ဦး၊ ရဲပြေး တဦး၊ ဆေးမှုနဲ့ ထောင်ကျခဲ့သူ လေးဦးသာ ပါဝင်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးကလည်း ပြောပါ တယ်။
အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်းအကျဉ်းထောင် အသီးသီးက အကျဉ်းသား (၃၀၀၀)ကျော်ကို ခံဝန်ကတိနဲ့ ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။
အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း စစ်ကောင်စီဟာ ဒီကနေ့အပါအဝင် လွတ်ငြိမ်းခွင့် ကိုးကြိမ်နဲ့ အကျဉ်းသား (၆၀၀၀၀)ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရသူအနည်းစုကိုသာ ပြန်လွှတ်ပေးခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ အခုလလယ်အထိ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူဦးရေ (၂၁၀၀၀)ကျော်ကို ဖမ်းဆီးခဲ့ပြီး (၃၈၀၀)ကျော်သာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့အချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – CJ