ပေါက်ကွဲမှုတွေဖြစ်ထားတဲ့ ပဲခူးအနောက်ခြမ်းကသင်္ကြန်မဏ္ဌပ်တွေကို လမ်းပိတ်ပြီးဖွင့်ပွဲလုပ်

ဧပြီ၊ ၁၃
 
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်အတွင်းက ပြည်မြို့၊ ပေါင်းတည်နဲ့ နတ္တလင်းမြို့နယ်တွေမှာ ဒီကနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲတွေကို စစ်ကောင်စီက လမ်းပိတ်ပြီးပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
မနေ့ဧပြီလ ၁၂ ရက်နေ့မှာတော့ ပြည်မြို့က စစ်ကောင်စီသင်္ကြန်ဗဟိုမဏ္ဍပ်အနီးမှာ မပေါက်သေးတဲ့ ဗုံးနှစ်လုံးတွေ့ခဲ့လို့ စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချထားခဲ့တာလည်းဖြစ်ပါတယ်။
 
” မနေ့က မပေါက်ကွဲတဲ့ ဗုံးနှစ်လုံးတွေ့တယ်ဆိုပြီး အစစ်အဆေးတွေက အများကြီး၊ လမ်းသွားလမ်းလာတွေ အကုန်စစ်တယ်။ စက်ဘီးနဲ့သွားတဲ့လူတောင်စစ်တော့ ဒီနေ့ဖွင့်ပွဲလည်း ဘယ်သူမှ မသွားရဲဘူး။ မသင်္ကာရင် ပစ်မိန့်မေးထားတယ်လို့လည်း ကြားထားတယ် ” လို့ ပြည်မြို့ခံတဦးက DNA ကိုပြောပါတယ်။
 
အလားတူပဲ ပေါင်းတည်မြို့က သင်္ကြန်ဗဟိုမဏ္ဍပ်ဟာလည်း ဆောက်လုပ်ဆဲကာလမှာပဲ ပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။
 
ပြည်ခရိုင်အတွင်းမှာတော့ မြို့နယ် ၆ မြို့နယ်ရှိပေမယ့် မြို့နယ်သုံးခုမှာသာ သင်္ကြန်ပွဲကိုစစ်ကောင်စီက ပြုလုပ်နိုင်ပြီး လက်နက်ကိုင်စစ်ဆေးရေး တင်းကျပ်စွာချပြီး ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ဒါပေမယ့် သင်္ကြန်ပွဲတော်တွေမှာ ပြည်သူတွေပူးပေါင်းပါဝင်မှု နည်းပါးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” လမ်းတွေက ပိတ်လုပ်တာ၊ လုံခြုံရေးအင်အားလည်း များတယ်။ ဗုံးကလည်း ပွဲမစသေးဘူးပေါက်ထားတာဆိုတော့ ဘယ်လာရဲမလဲ။ နတ္တလင်းကလည်း အဖြစ်လုပ်ထားတာပါ။ ညကမှ စက်ပစ္စည်းတွေ သယ်တယ် ” လို့ ပေါင်းတည်မြို့ခံတဦးကလည်း ဆိုပါတယ်။
 
စစ်ကောင်စီကတော့ အခုနှစ် သင်္ကြန်ပွဲတော်ကို နိုင်ငံတဝန်းကဒေသအသီးသီးမှာ ဖိအားပေးပြီး စည်ကားအောင်ပြုလုပ်နေသလို တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီလုပ်တဲ့ သင်္ကြန်ပွဲတော်တွေမှာ မပူးပေါင်းဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ဆက်လိုက်ပြုလုပ်ထားကြပါတယ်။
ဓာတ်ပုံ – CJ