မုံရွာက PDF ရဲဘော်တွေအတွက် မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်နေ

 

ဧပြီ၊ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တွေအတွက် လက်တလောမှာ တခြားဆေးဝါး လိုအပ်ချက်တွေ အပါအဝင် မြွှေဆိပ်ဖြေဆေးကလည်း အရေးပေါ် လိုအပ်လာနေပြီလို့ စုံစမ်းသိရပါတယ်။ 

“ကျွန်တော်တို့မှာ မြွေကိုက်လူနာကို အခုချိန်ထိ တာဝန်မယူနိုင်လို့ တခြားဆီတွေကို လွှဲပြောင်းခဲ့ရတယ်ဗျ။ ဟိုတနေ့က သူငယ်ချင်းတယောက် ကိုက်ခံရတာလည်း တခြားဆီကို သွားခိုင်းလိုက်ရတယ်။ မနေ့ညကလည်း ကျနော့်ရဲဘော်တယောက် သွေးအားနည်းလို့ မြွေပွေးသွေးကို သောက်မိလိုက်တာ ကံကောင်းလို့ မသေတယ် ပြောရမယ်။ အန်အောင် လုပ်ပြီး တခြားဆေးတွေနဲ့ သက်သာအောင် လုပ်ပေးလိုက်ရတယ်”လို့ ကိုမီးပွားက ပြောပြပါတယ်။ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဒေသတွေရဲ့ တောတောင်နယ်မြေတွေအတွင်း သွားလာနေရတဲ့ PDF ရဲဘော်တွေမှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ အန္တရာယ်ထက် အခုဆိုရင် ဆောင်းအကုန် နွေအကူးအပြောင်းမှာ သိသိသာသာမြင်လာရတဲ့ မြွှေပွေး အန္တာရယ်ကို ရင်ဆိုင်နေရတယ်လို့ Monywa Revolution Force- MRE အဖွဲ့ရဲ့ တာဝန်ခံ ကိုမီးပွားရဲ့ ပြောပြချက်အရ သိရပါတယ်။ 

မြွှေဆိပ်ဖြေဆေးရဲ့ ပေါက်ဈေးဟာ အခုဆိုရင် တလုံးကို ၂ သိန်းဝန်းကျင်ခန့် ရှိနေပြီး မြွှေဆိပ်ပြင်းရင် ၅ လုံးကနေ ၇ လုံးအထိ ထိုးပေးရတာတွေ ရှိနေပြီး ကုန်ကျစရိတ်များတယ်လို့ ဆိုပါတယ်။ 

Monywa Revolution Force- MRE အဖွဲ့ရဲ့ ဆေးတပ် တာဝန်ခံ ဆရာမ အမရာ ရဲ့ ပြောပြချက်တွေ အခုလပိုင်း အတွင်း  မြွှေအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေ  သုံးကြိမ် ဖြစ်ခဲ့ပြီး မတက်နိုင်တဲ့အဆုံး တခြားကုသနိုင်မယ့်နေရာတွေကို သွားခိုင်းနေရတယ်လို့ ဆိုပါတယ်။ 

“ဖြစ်တဲ့အခြေအနေတွေက ညတွေပဲ ဖြစ်တာများတယ်။ ဆက်သွယ်လာတဲ့ နှစ်ယောက်ကိုတော့ ကျမမှာ ဆေးမရှိတော့ တခြားနေရာကို သွားခိုင်းလိုက်ရတယ်။ မနေ့က တယောက်ကတော့ vital sign ကောင်းလို့ တော်သေးတယ်။ အစောပိုင်းကတော့ သိပ်မများဘူး။ အခု နွေအကူးမှာ မြွှေအန္တရာယ်က ပိုများလာတာ “လို့ ဆရာမ အမရာက ဆိုပါတယ်။ 

ဆရာမ အမရာရဲ့ ပြောပြချက် အရ မြွေအန္တရာယ် ကြုံတွေ့လာပြီဆိုရင် မြွှေဆိပ်ဖြေဆေး စတဲ့ ဆေးဝါး အပါအဝင် မြွှေပွေး အကိုက်ခံရတယ်ဆိုရင် သွေးခဲ ၊မခဲ ကြည့်နိုင်ဖို့ အကူပစ္စည်းတွေ အဓိက ကူညီပေးဖို့ မျှော်လင့်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် လူကိုးထောင်ဝန်းကျင် မြွေကိုက်ခံရပြီး ၆၀၀ဝန်းကျင်သေဆုံးတယ်လို့ ကျန်းမာရေးဆိုင်ရာစစ်တမ်းတချို့ကဖော်ပြထားပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့WHOကတော့မြန်မာနိုင်ငံမှာ နှစ်စဉ်မြွေကိုက်ခံရတာကြောင့် လူတထောင်ဝန်းကျင်သေဆုံးတယ်လို့ဆိုပါတယ်။