လေထု ညစ်ညမ်းမှုကြောင့် ချင်းမိုင်ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အကြီးအကျယ် ထိခိုက်

ဧပြီ၊ ၁၁

ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့ရဲ့ လေထု အရည်အသွေး ဆိုးဆိုးရွားရွား ကျဆင်းမှုကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေပြီး ဒေသခံတွေလည်း စိတ်သောက ရောက်နေကြပါတယ်။

 ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မီးခိုးမြူတွေ ထူထပ်မှုကြောင့် ချင်းမိုင်ရဲ့ လေထု ညစ်ညမ်းမှုဟာ စိုးရိမ်စရာ အဆင့်ကို ရောက်ရှိလာပြီး ကမ္ဘာလှည့် ခရီးသည်တွေလည်း လာရောက် လည်ပတ်ဖို့ အစီအစဉ်တွေ ဆိုင်းငံ့ကုန်တယ်လို့ ဆိုပါတယ်။ ဧပြီ ၁၀ ရက်မှာတော့ ထိုင်းအစိုးရက မြို့ခံတွေ အနေနဲ့ တတ်နိုင်သမျှ အိမ်အပြင် မထွက်ကြဖို့ တိုက်တွန်း ညွှန်ကြားခဲ့ပါတယ်။

 မကြာသေးခင် အတောအတွင်း ချင်းမိုင်ရဲ့ လေထု အခြေအနေဟာ တကမ္ဘာလုံးရဲ့ လေထု အရည်အသွေး ညွှန်ကိန်း IQAirရဲ့ စာရင်းမှာ အညံ့ဖျင်းဆုံး ကမ္ဘာ့အဆင့် ၁ နေရာထိ ရောက်ခဲ့ဖူးပါတယ်။ ဒါဟာ လေထု ညစ်ညမ်းမှုမှာ အစဉ်အလာအရ အမြဲလိုလို ဦးဆောင်ခဲ့တဲ့ နယူးဒေလီနဲ့ လာဟိုးလို မြို့တွေကိုတောင် ကျော်တက်သွားတဲ့ သဘောပါ။

 သာမန် အခြေအနေမှာတော့ အေးချမ်းလှပပြီး ဘုရားကျောင်းတွေ၊ သဘာဝ ရှုခင်းတွေနဲ့ နာမည်ကျော်တဲ့ တောင်ပေါ် မြို့လေးဟာ ကိုဗစ် ကပ်ရောဂါ ကာလ မတိုင်ခင်က နှစ်စဉ် ကမ္ဘာလှည့် ခရီးသည် ၁၁ သန်း ဝန်းကျင်လောက်ထိ လည်ပတ်လေ့ရှိတဲ့ နေရာ တခုပါ။ ဒါပေမဲ့ လက်ရှိ လေထုညစ်ညမ်းမှု ပြဿနာကြောင့် ချင်းမိုင်မှာ ဟိုတယ် ကြိုတင်စာရင်းပေးထားတဲ့ နှုန်းဟာ ၄၅ ရာခိုင်နှုန်း ကျဆင်းသွားသလို ရှေ့ဆက်ပြီးလည်း စာရင်းသွင်းထားတာတွေ ပယ်ဖျက်မယ့် အလားအလာ ရှိနေတယ်လို့ ထိုင်းဟိုတယ်များ အဖွဲ့ချုပ်ရဲ့ မြောက်ပိုင်းနယ်မြေ ဥက္ကဋ္ဌ ဖူနတ် သာနာလောင်ပါနစ်ချ်က ပြောပါတယ်။

 ထိုင်းနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့လည်းဖြစ်တဲ့ ချင်းမိုင်ဟာ မတ်လထဲမှာ ပျမ်းမျှ AQI ညွှန်ကိန်းနံပါတ် ၂၈၉ ထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ကျန်းမာရေးကို ဥပါဒ်ဖြစ်စေတဲ့ အဆိပ်အတောက် အမှုန်အမွှား ပါဝင်မှုကို ရည်ညွှန်းတဲ့ နံပါတ်တွေဖြစ်ပြီး ၅၀ အထက် ရောက်သွားတာနဲ့ လူတွေရဲ့ ကျန်းမာရေးအတွက် မသင့်တော်တော့ပါဘူး။

 ချင်းမိုင်ရဲ့ လေထုညွှန်ကိန်းဟာ ဧပြီ ၁၀ ရက်မှာ ၁၇၁ ထိ ပြန်ကျလာပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကျန်းမာရေးအတွက် သင့်တော်ကြောင်း ထောက်ခံထားတဲ့ နှုန်းထက် လေထုထဲ အဆိပ်အတောက် ပါဝင်နှုန်းက ၁၉ ဆ ပိုမြင့်နေဆဲပါ။

 ထိုင်းဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက သူဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ လာအို၊ မြန်မာတို့နဲ့ ချိတ်ဆက် ဆွေးနွေးပြီး သုံးနိုင်ငံ နယ်စပ်က မီးခိုးမြူတွေ လျှော့ချရေး အစီအမံတွေနဲ့ ပတ်သက်လို့ အလေးအနက် ဆွေးနွေးခဲ့ကြောင်း ပြောကြားထားပါတယ်။