ဘာလီကျွန်းမှာ ရက်ပိုင်းအတွင်း ဝေလငါးတွေ သောင်တင်သေဆုံးမှု သုံးကြိမ်ထိရှိလာ

ဧပြီ၊ ၁၀

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ဧရာမ ဝေလငါးကြီးတွေ သေဆုံးတဲ့ ဖြစ်စဉ်တွေကို ဆက်တိုက် ကြုံတွေ့နေကြရပါတယ်။

ဧပြီ ၉ ရက်က ၁၇ မီတာ ရှည်လျားတဲ့ စပမ်းဝေလငါးကြီး တကောင်ဟာ ဘာလီ အနောက်ဖက်ခြမ်းမှာရှိတဲ့ ကမ်းခြေတခုမှာ သောင်တင်နေတာကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။ တပတ်ကျော်လောက် အချိန်အတွင်း ဘာလီကျွန်းမှာ ဝေလငါးကြီးတွေ အဲဒီလိုမျိုး သောင်တင်ပြီး သေဆုံးတာဟာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။

ဘာလီကျွန်းရဲ့ ဂျမ်ဘရာနာ ဧရိယာနားက ယာလား ကမ်းခြေမှာ အဲဒီ ဝေလငါးအထီးကြီးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဝေလငါး အသေကောင်ကြီးကို ကမ်းခြေနဲ့ ဝေးရာဆီ ဆွဲထုတ်ဖို့ စီစဉ်နေကြောင်း၊ သေမှုသေခင်းဆိုင်ရာ စစ်ဆေးဖို့ လိုအပ်တဲ့ နမူနာတွေ ယူပြီးရင်တော့ ဝေလငါး အသေကောင်ကြီးကို အဆင်ပြေတဲ့ နေရာ တခုခုမှာ မြှုပ်နှံသွားမှာဖြစ်ကြောင်း ဒေသခံ ရေနေသက်ရှိနဲ့ ငါးလုပ်ငန်း ဦးစီးဌာန အရာရှိ တဦးဖြစ်တဲ့ ပါမာနာ ယူဒီရာဆိုက ပြောပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ ထင်ရှားတဲ့ အပန်းဖြေ ကမ်းခြေတွေ တည်ရှိရာ ဘာလီကျွန်းမှာ ဧပြီလ တလတည်းတင် ဝေလငါးတွေ ကမ်းတင် သေဆုံးမှု ၃ ကြိမ် ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ၁၈ မီတာရှည်တဲ့ စပမ်း ဝေလငါး အထီးကြီး တကောင်ဟာ ဘာလီကျွန်း အရှေ့ဖက် ကမ်းရိုးတန်းက ကလွန်ကွန် ဒေသမှာ သောင်တင်ပြီး သေဆုံးနေခဲ့ပါတယ်။

အဲဒီ မတိုင်ခင်တုန်းက ၁၁ မီတာလောက်ရှည်ပြီး ၂ တန်လောက် လေးလံတဲ့ ဘရိုက်ဒ် ဝေလငါး တကောင်ဟာ ဧပြီ ၁ ရက်က ကာဘာနာမှာရှိတဲ့ ကမ်းခြေတခုမှာ သောင်တင် သေဆုံးနေခဲ့တာကို ရှာတွေ့ခဲ့ပါတယ်။ ဒေသခံတွေ တွေ့ရှိတဲ့ အခါမှာ ဝေလငါး အသေကောင်က ပုပ်စပြုနေပြီလို့ ဆိုပါတယ်။ 

ဒုတိယမြောက် သောင်တင်သေဆုံးတဲ့ စပမ်း ဝေလငါးက ကျန်းမာရေး ချွတ်ယွင်းရာက သွေးရူးသွေးတမ်း ကူးခတ်ရင်း လမ်းကြောင်းမှားပြီး ရေတိမ်ပိုင်းထိ ရောက်လာတာလို့ ယူဆရပေမယ့် နောက်ဆုံး ရှာတွေ့တဲ့ ဝေလငါးရဲ့ သေဆုံးမှု အကြောင်းရင်းကိုတော့ မှန်းဆရ ခက်နေဆဲပါ။

၂၀၁၈ ခုနှစ်တုန်းကလည်း တခါသုံး ပလတ်စတစ်ခွက်ပေါင်း ၁၀၀ ကျော်နဲ့ ပလတ်စတစ်အိတ် ၂၅ လုံး မျိုချထားမိတဲ့ စပမ်း ဝေလငါးကြီး တကောင်ဟာ အင်ဒိုနီးရှား ကမ်းခြေတခုမှာ လာရောက် သေဆုံးနေခဲ့ဖူးပါတယ်။ အရှေ့တောင်အာရှ ဒေသရဲ့ လူဦးရေ အများဆုံး ကျွန်းစုနိုင်ငံဟာ ပင်လယ်ပြင်မှာ ပလတ်စတစ် အမှိုက်တွေ ထူပြောတဲ့ ပြဿနာကို ဖြေရှင်းဖို့လည်း အကြီးအကျယ် ရုန်းကန်နေရပါတယ်။ အင်ဒိုနီးရှားဟာ တရုတ်ပြီးရင် ပင်လယ်တွေမှာ အမှိုက်သရိုက်နဲ့ အညစ်အကြေး စွန့်ထုတ်မှု ဒုတိယ အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။  

Ref: CNA