ဧပြီ၊ ၁၀
ထိပ်တန်း လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ စစ်ထောက်လှမ်းရေး မှတ်တမ်းတွေ ပေါက်ကြားခဲ့တဲ့ ဖြစ်စဉ်အပေါ် အမေရိကန်က စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရပါတယ်။
အွန်လိုင်းပေါ် ရောက်လာခဲ့တဲ့ စာရွက်စာတမ်းတွေမှာ အမေရိကန်ရဲ့ ရန်သူနဲ့ မိတ်ဆွေ နိုင်ငံတွေ ကြုံခဲ့ရတဲ့ နောက်ကွယ်က အကြောင်းအရာမျိုးစုံ ပါဝင်နေခဲ့တာ တွေ့ရပါတယ်။ စစ်ပွဲမှာ ယူကရိန်းရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကစလို့ အစ္စရေးရဲ့ မော့ဆက်ဒ် စပိုင်အေဂျင်စီရဲ့ လှုပ်ရှားမှုတွေအဆုံး စုံလင်များပြားလှတဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် အကြောင်းအရာတွေက ပေါက်ကြားလာတာ ဖြစ်ပါတယ်။
ယူကရိန်း၊ တရုတ်၊ ရုရှား၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ဥရောပက အမေရိကန်ရဲ့ ပြိုင်ဘက်တွေ၊ မဟာမိတ်တွေရဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်တွေ အများအပြား ပေါက်ကြားမှုဟာ ပြည်တွင်းက လူပုဂ္ဂိုလ် တဦးဦးရဲ့ လက်ချက်ကြောင့်လို့ ပင်တဂွန် စစ်ဌာနချုပ်နဲ့ လုံခြုံရေး သုတေသီတွေက ယူဆနေပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီ မှတ်တမ်းမှတ်ရာ အတော်များများဟာ အမေရိကန် တနိုင်ငံတည်းရဲ့ လက်ထဲမှာပဲ ရှိနေတဲ့ အချက်အလက်တွေ ဖြစ်တာကြောင့်လို့ ပင်တဂွန်ရဲ့ အရာရှိဟောင်း တဦးဖြစ်တဲ့ မိုက်ကယ် မယ်လ်ရွိုင်က Reuters သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့ တချို့ အမေရိကန် အရာရှိတွေကတော့ စုံစမ်းစစ်ဆေးမှုတွေဟာ အစောပိုင်း အဆင့်မှာသာ ရှိသေးတာကြောင့် ဘာကိုမှ တိတိကျကျ ကောက်ချက် မဆွဲနိုင်သေးကြောင်း၊ ရုရှားကို လိုလားတဲ့ အဖွဲ့အစည်းတွေက အဲဒီအချက်တွေကို မသမာတဲ့ ဆိုက်ဘာ နည်းလမ်းတွေနဲ့ ရယူပြီး ဖြန့်ဝေတာလည်း ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးထားကြပါတယ်။
အခု ပေါက်ကြားမှုဟာ ၂၀၁၃ ခုနှစ်က WikLeaks ဝက်ဘ်ဆိုက်ကနေတဆင့် စာရွက်စာတမ်းတွေ၊ ဗီဒီယိုတွေ၊ သံတမန် ကွန်ရက် မှတ်တမ်းတွေ စုစုပေါင်း အရေအတွက် ၇ သိန်းကျော် ပေါက်ကြားခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း အမေရိကန်ရဲ့ အဆိုးဆုံး လုံခြုံရေး ယိုစိမ့်မှုကြီး ဖြစ်လာပါတယ်။
အမေရိကန်ရဲ့ ထိပ်တန်း လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ စစ်ရေးနဲ့ ထောက်လှမ်းရေး အချက်အလက်တွေဟာ Discordနဲ့ 4Chanတို့လို ဝက်ဘ်ဆိုက်တွေမှာ ပြီးခဲ့တဲ့လက စတင် ပျံ့နှံ့လာပြီး အဲဒီနောက် တဖြည်းဖြည်းနဲ့ အချက်အလက် မှတ်တမ်းသစ်တွေ ထပ်ပြီး ပေါက်ကြားလာနေခဲ့တာပါ။ ဒီဖြစ်စဉ်ကို ဧပြီ ၇ ရက်မှာ New York Times သတင်းဌာနက စတင် မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီ ပေါက်ကြားမှု အချက်အလက်တွေရဲ့ စစ်မှန်မှုကိုလည်း အတည်ပြုဖို့ ခက်ခဲနေပါသေးတယ်။ တချို့ နေရာတွေမှာဆိုရင် ရုရှားဖက်က အသေအပျောက် အရေအတွက်ကို သိသိသာသာ လျှော့ချထားတာမျိုးတွေကို တွေ့ရတယ်လို့ စစ်ပွဲကို စောင့်ကြည့် လေ့လာသူတွေက ထောက်ပြထားကြပါတယ်။
Ref: CNN