ဂန့်ဂေါမှာ စစ်ရှောင်တွေရက်ကြာလာလို့ နေထိုင်စားသောက်မှုခက်ခဲလာ

ဧပြီ၊ ၉
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့ ခလရ ၅၀ မှာ အထိုင်ချထားတဲ့တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဂန့်ဂေါမြို့ဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားတွေ နေ့စဉ်နဲ့အမျှ တိမ်းရှောင်နေကြရပြီး ကန်ရွာက ဒေသခံ ခုနှစ်ထောင်ကျော်ကတော့ ရက်ကြာလာလို့နေထိုင်စားသောက်မှု ခက်ခဲလာပါတယ်။
 
” ဟိုတနေ့ကလည်း လက်နက်ကြီးနဲ့ပစ်လို့ လပို့ရွာက အိမ်သုံးလုံးပျက်သွားတယ်။ လပို့ရွာကလည်း ရှောင်ကြတယ်။ စိုင်ဒူး၊ ပို့ဦး၊ ရှောင်ပင်၊ ပြားဘက်တွေ ရှောင်ကြရတာပ။ နေ့တိုင်းတနေရာမဟုတ်တနေရာ လာနေတာကိုး ” လို့ ဂန့်ဂေါမြို့နယ် ဒေသခံတဦးက ပြောပါတယ်။ ဂန့်ဂေါမြို့နယ်ဝန်းကျင်မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာ သုံးလေးရက်ပြီလို့လည်း ဆိုပါတယ်။
 
အနီးဝန်းကျင်ကျေးရွာက ပြည်သူအများစုဟာ စစ်ကောင်စီစစ်ကြောင်းလာရင် ပြေးရှောင်ကြပြီး စစ်ကြောင်းပြန်ထွက်သွားတဲ့အချိန်မှာ ကျေးရွာတွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကြောင်းထွက်ပြီးတာနဲ့ ရွာထဲကို တန်းမဝင်ဘဲ နယ်မြေရှင်းလင်းရေးလုပ်ပြီးမှသာ ဝင်ရောက်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက နိူးဆော်ထားပါတယ်။
 
ဒီကနေ့မှာလည်း ခလရ ၅၀ က စစ်ကောင်စီစစ်ကြောင်းဟာ မြစ်အနောက်ဘက်က စိန်ဒူးကျေးရွာကို ဝင်ရောက်နေတယ်လို့ သိရပါတယ်။
 
ဂန့်ဂေါမြို့ဝန်းကျင်က ကျေးရွာတွေဟာ နေ့စဥ်နဲ့အမျှ စစ်ရှောင်နေကြရသလို ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာက ပြည်သူ ခုနစ်ထောင်ဝန်းကျင်ဟာလည်း ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတာ ဆယ်ရက်ရှိပြီဖြစ်ပြီး နေထိုင်စားသောက်မှုအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
 
ကန်ရွာရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က မတ်လ ၃၁ ရက်နေ့မှာ စီးနင်းတိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ စစ်ကောင်စီအဖွဲ့ဝင်တွေကို ထပ်မံချထားခဲ့တဲ့အတွက် ပြည်သူတွေဟာ နေအိမ်ကိုပြန်မနေ
ရဲဘဲ ဖြစ်နေကြတာပါ။
 
” ဘုန်းကြီးကျောင်းမှန်သမျှ လူခဲပ။ လျှပ်စစ်မီးကလည်း တိုက်ပွဲဖြစ်တဲ့နေကစ မရတာ ခုထိပ။ ရေတင်ရင် စက်နိုးရတယ်။ ရေကမလောက်ဘူး။ ချွေတာသုံးကြရတာ။ အိမ်သာတက်ဖို့တောင် မလွယ်ဘူး လူဦးရေနဲ့က။ ကြာကြာတက်လို့မရဘူး ” လို့ စစ်ရှောင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ကန်ရွာတောင်ပိုင်းက နေအိမ်တချို့မှာ နေထိုင်နေကြတာကြောင့် ကန်ရွာတောင်ပိုင်းက ပြည်သူတွေဟာ နေအိမ်ဘက်ကို မသွားလာရဲကြဘဲ ရွာလယ်ပိုင်းနဲ့ မြောက်ပိုင်းက ပြည်သူတွေကတော့ နေအိမ်ကိုပြန်ပြီး လိုအပ်တဲ့ပစ္စည်းတွေ အမြန်သွားယူကြတာမျိူးတော့ ရှိတယ်လို့ ဆိုပါတယ်။
 
ကန်ရွာက ပြည်သူတွေဟာ ရွာကဘုန်းကြီးကျောင်းနှစ်ကျောင်းနှင့် တောရကျောင်းနှစ်ကျောင်းမှာ စစ်ရှောင်နေကြရပြီး တောတောင်ထဲမှာ ရှောင်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ စစ်ရှောင်ချိန်ကြာလာတာနဲ့အမျှ ရွာက လက်လုပ်လက်စားတွေအတွက် ပိုခက်ခဲလာတယ်လို့လည်း ရွာခံတဦးက ပြောပါတယ်။
 
” မရှောင်ခင်ကတောင် ရွာထဲမှာ ငတ်လုနီးပါးလူတွေ ရှိ​သေးတာ။ ခုဟာကတော့ ပြောမနေနဲ့။ နီးစပ်ရာလူတွေက မျှကျွေး။ ချေးငှားစားသောက်နေကြရတာ ” လို့ ရွာခံစစ်ရှောင်နောက်တဦးက ပြောပါတယ်။
 
ကန်ရွာဟာ အိမ်ခြေတထောင်ကျော်ရှိတဲ့ကျေးရွာကြီးဖြစ်ပြီး မြစ်သာမြစ်နံဘေးမှာ တည်ရှိပေမယ့် ကုန်းကျတာကြောင့် လျှပ်စစ်မီးရှိမှာသာ ရေတွင်းတွေကနေ သောက်သုံးရေရရှိနိုင်တာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ဒီနှစ်မတ်လ ၂၇ ရက်အထိတိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်အနက် ၁ ဒဿမ ၄ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး စွန့်ခွာထွက်ပြေးရသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA ) ထုတ်ပြန်ထားပါတယ်။
 
နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ ဒဿမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေပြီး ပဋိပက္ခဖြစ်နေတဲ့ ကျေးလက်ဒေသက ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတဲ့သူပေါင်း ၄ ဒဿမ ၅ သန်း ရှိတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ – CJ