ဧပြီ၊ ၈
မကွေးတိုင်း၊ သရက်ခရိုင်၊ အထက် မင်းလှမြို့နယ်၊ အမှတ် (၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၀)မှာ စစ်အုပ်စုလိုလားတဲ့ ပြည်ပလက်နက်ထုတ်လုပ်ရေးပညာရှင်တွေ ရောက်နေချိန် ၁၀၇ မမရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ရုရှား၊ တရုတ်နဲ့ မြောက်ကိုးရီယားတို့က လက်နက်ထုတ်လုပ်ရေးပညာရှင် ၂၀ ဦးလောက် ကပစ -၁၀ မှာထုတ်လုပ်နေတဲ့ ဒုံးကျည်တွေကို နည်းပညာအဆင့်မြှင့်တင်ပေးဖို့ ရောက်ရှိနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ရန်ကြီးအောင်က DNA ကို ပြောပါတယ်။
“ တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပို့ချက်တွေအရ ကပစ (၁၀)မှာ ရုရှားကို ပို့မယ့် မိုင်များစွာကို ပြေးနိုင်တဲ့ ပဲ့ထိန်းဒုံံးတွေကို စမ်းသပ်အောင်မြင်တယ်ဆိုတဲ့ သတင်းတွေကို တပ်တွင်းအစီရင်ခံစာတွေမှာ တွေ့တယ်။ ပြီးခဲ့တဲ့ လက ရုရှားနဲ့ တရုတ်၊ မြောက်ကိုရီးယားက လက်နက်ထုတ်လုပ်တဲ့ ပညာရှင်တွေ ရောက်နေတယ်လို့ သတင်းရထားတယ်၊ ဒါက ကုလ သမဂ္ဂလို နိုင်ငံတကာက အဖွဲ့တွေကို မြေပြင်မှာ ဒီလိုအနေအထားတွေ ရှိနေတယ်ဆိုတာ သိအောင်လို့ပါ၊ ပြီးတော့ ဒီလိုမျိုးတွေ အကြမ်းဖက်နဲ့ မပူးပေါင်းဖို့၊ မြန်မာပြည်သူတွေနဲ့ ရပ်တည်ဖို့ ဆန္ဒဖော်ထုတ်ချင်တာနဲ့ လုပ်ရခြင်းဖြစ်ပါတယ်၊ ဒါက နိုင်ငံခြားသားတွေကို ရည်ရွယ်တိုက်ခိုက်တာတော့ မဟုတ်ပါဘူး ” လို့ သူကပြောပါတယ်။
ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကပစ-၁၀ ရဲ့ စက်ရုံအဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဆိုပါတယ်။
ကပစ စက်ရုံတိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစက်ရုံအနီး ကုန်းကြီးရွာက NLD ပါတီဝင်ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဒါဟာ မဆိုင်သူကို ရမ်းသမ်းဖမ်းဆီးတာလို့ ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။
ကပစ-၁၀ ကို ဗျူဟာမြောက်ပစ်မှတ်များ ချေမှုန်းခြင်း စစ်ဆင်ရေးအမျိုးအစားအဖြစ် သတ်မှတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး Mission – 107 (Minhla) ဟာ မဟာဗျူဟာမြောက်နေရာတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
“ ဒီမစ်ရှင်ဟာ အရမ်းကို ခက်ခဲပါတယ်၊ အခု လုပ်ခဲ့တဲ့ မစ်ရှင်မှာဆိုရင် ကုန်းကြီး ကပစ ၁၀ ဆိုတာ မင်းလှနဲ့ သုံးမိုင်လောက်ပဲ ဝေးတယ်၊ ကျန်တဲ့ ကပစတွေနဲ့ ဆိုရင်လည်း ပတ်ချာလည်မှာ ၃ မိုင်၊ ၇ မိုင် နေရာတွေမှာ ရှိတယ်၊ စစ်တပ်ရဲ့ ဧရိယာအတွင်းထဲကို အတွင်းကျကျ ဝင်ပြီးတော့ လုပ်ရတဲ့ မစ်ရှင်လည်းဖြစ်ပါတယ် ” လို့ မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
အထက်မင်းလှမြို့နယ်ထဲက ကပစ-၁၀ ဟာ တာဝေးပစ်ဒုံးကျည်တွေ၊ လေယာဉ်ပစ်ဒုံးတွေ၊ တင့်ကားသုံးအမြှောက်ဗုံးတွေကို ထုတ်လုပ်တဲ့ အကြီးစားလက်နက်စက်ရုံဖြစ်ပြီး ချေမှုန်းရေးအတွက် High-Value Target အဖြစ် သတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို People’s Revolution Alliance (PRA- Magway)၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရှိုချင်းကာကွယ်ရေးတပ်နဲ့ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့က ကူညီခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – KNDF (ပုံဟောင်း)
ပုံစာ – ရှော့တိုက်ဒုံး ပစ်ခတ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး