မုံရွာမြို့မှာဓားပြမှု တလလေးကြိမ်နီးပါးအထိရှိပြီး ပျမ်းမျှတနေ့မှုခင်းဖြစ်ရပ်နှစ်ခု ပုံမှန်ရှိနေ

ဧပြီ၊ ၈
စစ်ကိုင်းတိုင်းထဲမှာ အခုနှစ်ဇန်နဝါရီလကုန်အထိ ခြောက်လအတွင်း မှုခင်းဖြစ်စဉ်ပေါင်း ငါးရာကျော်ဖြစ်ခဲ့ပြီး ဒီထဲက ထက်ဝက်ကျော်ဟာ မုံရွာမြို့နယ်ထဲ မှာဖြစ်ခဲ့တယ်လို့ ဥပဒေရေးရာနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ ပဥ္စမမဏ္ဍိုင်အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်မှုမှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိပဋိပက္ခအခြေအနေတွေမြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ခရိုင်ငါးခုထဲက မြို့နယ် (၁၇)ခုမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လဆန်းကနေ အခုနှစ် ဇန်နဝါရီလကုန်အထိ ခြောက်လကြာ စောင့်ကြည့်မှတ်တမ်းတင်ခဲ့တဲ့ စစ်တမ်းကို အခုလအတွင်း ပဥ္စမမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်တာပါ။
အဲ့ဒီခြောက်လအတွင်း စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လုယက်ဓားပြတိုက်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပါဝင်တဲ့ မှုခင်းဖြစ်စဉ်ပေါင်း (၅၄၀)အထိ စစ်ကိုင်းတိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာစစ်ကိုင်းတိုင်းမှာ မှုခင်းဖြစ်ရပ် တနေ့သုံးခု ပုံမှန်ရှိနေတဲ့သဘောဖြစ်ပါတယ်။
ခြောက်လအတွင်း စစ်ကိုင်းတိုင်းထဲဖြစ်ခဲ့တဲ့ မှုခင်းဖြစ်ရပ်တွေထဲက ထက်ဝက်ကျော်(အကြိမ်၃၀၀)ဟာ စစ်ကိုင်းတိုင်းရဲ့အုပ်ချုပ်ရေးမြို့တော် မုံရွာမှာဖြစ်ခဲ့တာလို့ ပဥ္စမမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှတ် တမ်းတွေအရ မုံရွာမှာ ဓားပြမှု တလလေးကြိမ်လောက်အထိ ဖြစ်နေတာပါ။
“ လက်ရှိက ကျွန်တော်တို့မှာက မိုးချုပ်လို့ အပြင်ထွက်တာမပြောနဲ့ နေ့လယ်နေ့ခင်း ဆိုင်ကယ်စီးပြီး အပြင်ထွက်တာတောင် ကိုယ့်ဆိုင်ကယ်ဘယ်ချိန်ရိုက်လုသွားမလဲ၊ ကိုယ့်ဖုန်းကို အနောက်ကနေ ရိုက်လုသွားမလား ဆိုပြီးတော့ စိုးရိမ်နေရတယ် ” လို့ မုံရွာမြို့ ကမ်းနားလမ်းမှာနေထိုင်သူတဦးက ပြောပါတယ်။
မုံရွာမြို့နယ်အတွင်းမှာ အခုနှစ်ဇန်နဝါရီလအထိ ခြောက်လအတွင်းဖြစ်ခဲ့တဲ့ မှုခင်းဖြစ်စဉ် (၃၀၀)ကျော်ထဲ ဓားပြမှု ၂၁ ခုအထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီမှုခင်းဖြစ်ရပ်တွေထဲမှာ အရပ်သားတွေထိခိုက်သေဆုံးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု (၁၀)ကြိမ်လည်း ပါဝင်တယ်လို့ ပဥ္စမမဏ္ဍိုင်အဖွဲ့က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မုံရွာမြို့မှာ လုယက်မှု၊ ဓားပြမှု စတဲ့မှုခင်းဖြစ်ရပ်တွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြသလို သတင်းမှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကနေ လက်ရှိအထိ ရွှေဆိုင်နှစ်ဆိုင်ထက်မနည်း ဓားပြတိုက်ခံထားရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရမှုဟာ ထင်ရှားခဲ့တဲ့ ဓားပြမှုတခုဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်းသုံးသောင်းကျော်တန်ဖိုးရှိ ရွှေထည်တွေဆုံးရှုံးခဲ့တယ်လို့ ရွှေဆိုင်ဘက်က ပြောထားပါတယ်။
ဒါ့အပြင် အခုနှစ်မတ်လအတွင်းမှာလည်း မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ပေါ်ဦးရွှေဆိုင်ဓားပြတိုက်ခံရတာ၊ မတ်လ (၂၆)ရက်က ကုန်စုံဆိုင်တဆိုင်နဲ့ စုံတွဲတတွဲ ဓားပြတိုက်လုယက်ခံရမှု တရက်တည်း နှစ်ကြိမ်ဖြစ်တာတွေ ရှိခဲ့ပါတယ်။
အလားတူ အခုနှစ် ဇန်နဝါရီ ၂၀ရက်ညပိုင်းကလည်း မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်က ချမ်းမြေ့သုခ ကုန်စုံဆိုင် လုယက်ခံရသလို ဓားနဲ့လည်း အခုတ်ခံရတာကြောင့် ဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးလုံး ထိခိုက်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့ပါတယ်။
အခုလို ဓားပြမှုနဲ့ လုယက်မှုတွေ ဆက်တိုက်ဖြစ်လာတာဟာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေကြား နယ်မြေတည်ငြိမ်မှုမရှိတာ၊ တရားဥပဒေစိုးမိုးမှု ကျဆင်းလာတာကို သက်သေပြနေတာဖြစ်တယ်လို့ ပဥ္စမမဏ္ဍိုင်အဖွဲ့က ထောက်ပြပါတယ်။
“ မုံရွာက မြို့က မြို့အနေအထားအရလဲ ကြီးသလို ရာဇဝတ်မှုကလဲ ပေါတယ်၊ အခုချိန်ထိကို ဆက်တိုက်ကျွန်တော်တို့ ဖမ်းဆီးထားတဲ့ အမှုတွေလဲရှိသလို မဖမ်းဆီးနိုင်သေးတဲ့ အမှုတွေလဲ ရှိနေဆဲပဲ၊ အမှုတွေ ဘာလို့အဲ့လောက်များလဲဆိုရင် လူမိုက်ဆန်ဆန် ဂိုဏ်းစတားဆန်ဆန် ဒီတော်လှန်ရေးကာလဖြစ်တဲ့အတွက် တောမီးလောင် တောကြောင်လက်ခမောင်းခတ်တဲ့ အဖွဲ့တွေက အများကြီးပေါ်ပေါက်လာတယ် ” လို့ မုံရွာပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ခေါင်းဆောင်ကိုလီယိုက ပြောပါတယ်။
မုံရွာမြို့နယ် ပလဖအဖွဲ့အစည်း စတင်ဖွဲ့စည်းချိန်ကနေစတင်ပြီး ဒီကနေ့အချိန်ထိ ဆယ်လအတွင်း ဒုစရိုက်မှုကျူးလွန်သူ (၅၀)ဦးဝန်းကျင်ကို ဖမ်းဆီးထိန်းသိမ်းအရေးယူထားတယ်လို့လည်း သူကဆိုပါတယ်။
“ ဥပမာပြောရရင် ရွှေဆိုင်တခုကို ဓားပြတိုက်တယ်၊ အဲ့အဖွဲ့ကို နောက်ယောင်ခံလိုက်ပြီး ချက်ချင်းဖမ်းတယ်၊ အဲ့ဒီပစ္စည်းတွေကို သူတို့(ပိုင်ရှင်)လက်ထဲကို ပြန်အပ်နှံတယ်၊ အဲ့ဒီကိစ္စတွေက သတင်းပေါက်လို့မရဘူး၊ သတင်းပေါက်ရင် ဘာတွေဖြစ်လာနိုင်လဲဆိုရင် စစ်ကောင်စီက သူတို့ကို ဒုက္ခပေးလာနိုင်တယ်ပေါ့နော်၊ အဲ့လိုအနေအထားမျိုးလေးတွေ ရှိတဲ့အတွက် ကျွန်တော်တို့က တချို့သတင်းလေးတွေဆိုရင် မတင်ဘူး ” လို့ ပလဖခေါင်းဆောင်လီယိုက ပြောပါတယ်။
စစ်ကောင်စီက တနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေး ၄၇ မြို့နယ်ကြေညာထားပြီး စစ်ကိုင်းတိုင်းက ၁၄ မြို့နယ်ပါဝင်ပေမယ့် မုံရွာမြို့တော့ ပါဝင်တာမရှိပါဘူး။
ပဥ္စမမဏ္ဍိုင်အဖွဲ့က စောင့်ကြည့်မှတ်တမ်းတင်ခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမြို့နယ် (၁၇)ခုအတွင်းမှာ ခြောက်လအတွင်း စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ရာဇဝတ်မှုစုစုပေါင်း ၆၃၄ မှုအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်တွေထဲမှာ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဆက်စပ်နေတဲ့ ” ပစ်ခတ်တိုက်ခိုက်မှု ” ဖြစ်စဉ်က ၁၅၇ ကြိမ်နဲ့ အများဆုံးပါဝင်ပြီး ” ဖမ်းဆီးထိန်းသိမ်းမှု ” က ၇၅ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ကာ ” စီးနင်းမီးရှို့မှု ” ကတော့ ၅၉ ကြိမ်အထိ ရှိတာကြောင့် တတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – အခုနှစ်ဇန်နဝါရီလအတွင်း ဓားပြတိုက်၊ ဓားခုတ်ခံရလို့ သေဆုံးခဲ့တဲ့ မုံရွာမြို့ခံ အမျိုးသားတဦး