ဟုမ္မလင်းမြို့ သပိတ်ခေါင်းဆောင်ကို စစ်ကောင်စီက ထောင်ဒဏ်ဆယ်နှစ်ကျော်ချမှတ်

ဧပြီ၊ ၈
 
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၁၁)နှစ်ကျော် ချမှတ်လိုက်သလို တခြားဒေသခံကိုးဦးကိုလည်း တရက်တည်းထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို ဟုမ္မလင်းမြို့နယ်တရားရုံးက ဧပြီ ၇ ရက်မှာ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅ အရ ထောင်ဒဏ် တနှစ်နဲ့ခြောက်လ ၊ ပုဒ်မ ၅၀ ည(က) နဲ့ထောင်ဒဏ် ၁၀ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နဲ့ ၆ လ ချမှတ်ခဲ့တာဖြစ်တယ်လို့ ကိုကျော်ဝင်းစိန်မိသားစုနဲ့ နီစပ်သူတဦးက ပြောပါတယ်။
 
” အမိန့်ချတာကတော့ မနေ့ကပေါ့၊ သူတယောက်တည်းတော့ မဟုတ်ဘူး၊ တခြားပြည်သူတွေလည်း ပါတယ်၊ သူကတော့ ၁၁ နှစ်နဲ့ ၆ လ ကျတယ်၊ အခုလောလောဆယ်တော့ ထောင်ပြောင်းတာ မရှိသေးပါဘူး၊ ဒီမှာပဲ ရှိသေးတယ် ” လို့ ကိုကျော်ဝင်းစိန်မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဟုမ္မလင်းမြို့နယ်တရားရုံးက ဧပြီ ၇ ရက်မှာ ကိုကျော်ဝင်းစိန်အပါအဝင် ကိုစိုင်းဝေယံ၊ ကိုသက်ထွန်းဦး၊ ကိုနေနော်၊ ကိုအောင်ကိုမင်း၊ ကိုအောင်ဟိန်း၊ ဒေါ်နွဲနွဲ့အောင်နဲ့ ကိုဖြိုးသက်တင်၊ ကိုအောင်မြင့်ဦး စတဲ့ဒေသခံကိုးဦးကိုလည်း ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
” ကိုစိုင်းဝေယံကို ထောင်ဒဏ် ၁၃ နှစ်၊ အမေ့အိမ်စာသင်ကျောင်းက ကိုသက်ထွန်းဦးကို ထောင်ဒဏ် ၁၀ နှစ် သူတို့ နှစ်ဦးကတော့ များတယ်၊ ကျန်တဲ့သူတွေကတော့ အနည်းဆုံး သုံးနှစ်အထိ အမိန့်ချမှတ်ခံခဲ့ရတယ် ” လို့ ဟုမ္မလင်းဒေသခံတဦးက ပြောပါတယ်။
 
သပိတ်ခေါင်းဆောင်ကိုကျော်ဝင်းစိန်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်တယ်လို့ဆိုကာ ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်က မန္တလေးမြို့မှာ ဆေးခန်းသွားရောက်ပြသစဥ် ဖမ်းဆီးခံခဲ့ရတာပါ။
 
အဲ့ဒီနောက် ရှစ်လနီးပါးအကြာမှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။ စစ်ကောင်စီက ကိုကျော်ဝင်းစိန် ကို ဖမ်းဆီးပြီးနောက် မန္တလေးလေဆိပ်ကနေ ဟုမ္မလင်းမြို့စစ်ကြောရေးကို ပို့ပြီး စစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။
 
ဟုမ္မလင်းဒေသခံ ရှမ်းနီတိုင်းရင်းသား၊ ဥပဒေနောက်ဆုံးနှစ်ကျောင်းသားတဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန်ဟာ ဒေသတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် မိသားစုပိုင်နာရီဆိုင်ချိပ်ပိတ်ခံရသလို အမည်မသိလက်နက်ကိုင်တွေက နေအိမ်ကို လာရောက်ပစ်ခတ်လို့ မရီးတော်စပ်တဲ့ CDM ပညာရေးဝန်ထမ်းအမျိုးသမီးလည်း သေဆုံးခဲ့ပါတယ်။
 
အဲ့ဒီနောက်စစ်ကောင်စီက ကိုကျော်ဝင်းစိန်တို့မိသားစုပိုင်နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။
ဓာတ်ပုံ – Social Media