သမိုင်းတလျှောက် အကြီးကျယ်ဆုံး လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုကြီးကို NATO စီစဉ်နေ

ဧပြီ၊ ၈

မြောက်အတ္တလန္တိတ် စစ်မဟာမိတ်အဖွဲ့ (NATO)ဟာ သမိုင်းတလျှောက် အကြီးကျယ်ဆုံး လေကြောင်းချီ စစ်ရေးလေ့ကျင့်မှုကြီး တခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဇွန်လထဲမှာ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မှုမှာ NATO အဖွဲ့ဝင် ၃၁ နိုင်ငံထဲက ၂၄ နိုင်ငံရဲ့ စစ်မှုထမ်း ၁၀၀၀၀ ကျော် ပါဝင်ဖို့ လျာထားပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ စစ်လေယာဉ် ၁၀၀ လောက် အပါအဝင် စုစုပေါင်း လေယာဉ် ၂၂၀ ကျော်လောက် ချိတ်ဆက်လေ့ကျင့် ပျံသန်းကြမှာ ဖြစ်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ပူပူနွေးနွေး NATO အဖွဲ့ဝင်သစ် ဖြစ်လာတဲ့ ဖင်လန်လည်း ပါဝင်မှာပါ။

ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တာ အပါအဝင် ဥရောပမှာ ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေ ပိုမို သိသာလာတာကို ကာကွယ် တုံ့ပြန်တဲ့ အနေနဲ့ Exercise Air Defender စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ဖို့ ရည်ရွယ်ခဲ့တာလို့ NATOက ထုတ်ပြန်ပါတယ်။

ဇွန် ၁၂ ရက်ကနေ ၂၃ ရက်ထိ ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်မှုကြီးဟာ NATOရဲ့ နှစ်ပေါင်း ၇၀ ကျော် သမိုင်းကြောင်းတလျှောက် အင်အားအကြီးဆုံး လေတပ် စုရုံးလေ့ကျင့်မှုကြီး ဖြစ်လာမှာပါ။ 

NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်လေယာဉ်တွေ စုပေါင်း လေ့ကျင့်မှု အစီအစဉ်ရဲ့ အစိတ်အပိုင်း အများစုကို ဂျာမနီမှာ ပြုလုပ်မှာဖြစ်ပြီး ဥရောပမြောက်ပိုင်း ပင်လယ်ပြင်နဲ့ တခြား ဥရောပ နိုင်ငံတချို့မှာလည်း လေ့ကျင့် ပျံသန်းမှုတွေ ရှိလာမယ်လို့ ဆိုပါတယ်။ 

စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်မှုတွေကို စုပေါင်းခုခံမှု၊ ကြည်းတပ်တွေကို အနီးကပ် လေကြောင်းပစ်ကူပေးမှုနဲ့ တန်ပြန်တိုက်စစ်ဆင်မှုဆိုတဲ့ မဟာဗျူဟာ ရည်ရွယ်ချက် ၃ ခုကို ဦးတည်ထားပါတယ်။ 

အမေရိကန် လေတပ်ဟာ သူတို့ရဲ့ လက်နက်တိုက်ထဲက A-10C အနီးကပ် လေကြောင်းပစ်ကူ တိုက်လေယာဉ်တွေ၊ F-15C၊ F-16၊ F-35A တိုက်လေယာဉ်တွေ၊ MQ-9 ထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေ၊ C-17နဲ့ C-130H ပို့ဆောင်ရေး လေယာဉ်တွေ၊ KC-46နဲ့ CK-135 ဆီဖြည့်လေယာဉ်တွေကို ဥရောပဆီ စေလွှတ်ပြီး စစ်ရေးလေ့ကျင့်မှုအတွက် ပူးပေါင်းစေမယ်လို့ အတည်ပြုထားပါတယ်။ ဒါတင် မကဘဲ ဥရောပကို ရောက်နေတဲ့ အမေရိကန် ရေတပ်ဖွဲ့တွေဆီက လေယာဉ်တင် သင်္ဘော အခြေစိုက် F/A-18 တိုက်လေယာဉ်တွေလည်း အဲဒီ အစီအစဉ်မှာ သွားရောက် ချိတ်ဆက်မယ်လို့ သိရပါတယ်။ 

Ref: Defence News