ပုလဲနယ်က M7 PDF စခန်းစီးနင်းခံရမှုမှာတပ်ဖွဲ့ဝင်ခုနစ်ဦးကျဆုံး

ဧပြီ ၊ ၇

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် တောင်ပိုင်းက ပန်းရွာအနီးမှာရှိတဲ့ M7 PDF ရဲ့ စခန်းတခုကို စစ်ကောင်စီက လေကြောင်းကနေစီးနင်းတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်ခုနစ်ဦးကျဆုံးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့က ဒုတပ်ရင်းမှူး ဗိုလ်မြတ်က DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်က အဲ့ဒီ PDFစခန်းကို ဧပြီ ၅ရက်မနက်ကိုးနာရီဝန်းကျင်မှာ တိုက်ခိုက်ရေးရဟတ်ယာဥ်၊ပို့ဆောင်ရေးရဟတ်ယာဥ်တွေနဲ့လေကြောင်းကနေ နေရာအတိအကျ လာရောက်စီးနင်းခဲ့တာဖြစ်ပြီး ကနဦးမှာ တပ်ဖွဲ့ဝင်တွေအဆက်အသွယ်ပြတ်နေတယ်လို့ပဲ သိထားရတာပါ။

စစ်ကောင်စီတပ်တွေပြန်ထွက်သွားပြီးနောက်စခန်းနေရာကိုပြန်လည်ရှင်းလင်းရေးလုပ်ချိန်မှာ အသုံး အဆောင်ပစ္စည်းတွေနဲ့အတူ မီးရှို့ခံထားရတဲ့အခြေအနေတွေ့ရတာကြောင့်ကျဆုံးကြောင်းအတည်ပြုနိုင်တာလို့ ဒုတပ်ရင်းမှူး ဗိုလ်မြတ်ကပြောပါတယ်။

” ကျွန်တော်တို့မျှော်လင့်ထားသလိုပါပဲ၊ဆုံးရှုံးလိုက်ရပါပြီ၊ကျွန်တော်တို့စခန်းကိုရှင်းလင်းရေးလုပ်တော့ မီးရှိူ့ထားတယ်ဗျ၊ဆိုင်ကယ်တွေရော၊လူတွေရော၊ မီးစက်တွေရော လျှိုထဲမှာ” လို့ သူကပြောပါတယ်။

လျှိုထဲကစခန်းကိုမီးပုံရှိူထားခဲ့တာကြောင့် မီး လောင်ကျွမ်းတဲ့ပြာပုံကြီးဖြစ်နေပြီး ရဲဘော်တွေရဲ့ရုပ်အလောင်းတွေကိုတော့ ထင်ထင်ရှားရှားမတွေ့ရတော့ဘူးလို့ဆိုပါတယ်။

စီးနင်းတိုက်ခိုက်ခံရတဲ့စခန်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၅)ဦးဝန်းကျင် ပုံမှန်နေထိုင်လေ့ရှိပြီး ခုနစ်ဦးကျဆုံးကာကျန်တဲ့တပ်ဖွဲ့ဝင်တွေကတော့လွတ် မြောက်လာတယ်လို့ ဗိုလ်မြတ်ကပြောပါတယ်။ လွတ်မြောက်လာသူတွေကတော့ ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိတာမျိုးမရှိဘဲ ပြေးလွှားရင်း ထိခိုက်မိတာမျိုးလောက်သာရှိတယ်လို့ဆိုပါတယ်။

ဒီစခန်းစီးနင်းခံရမှုအတွင်း ရိုင်ဖယ်နှစ်လက်၊ပစ္စတိုတလက်နဲ့ လက်လုပ်သေနတ်တွေ၊လက်လုပ်လက် နက်ကြီးတွေအပါအဝင် မီးစက်၊ဆိုင်ကယ်စတဲ့အသုံးအဆောင်တွေလည်း ဆုံးရှုံးခဲ့တယ်လို့ M7 PDF ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အခုလို စခန်းနေရာအတိအကျ လေကြောင်းကနေလာရောက်စီးနင်းနိုင်တာဟာ သူလျှိုသတင်းပေးမှုကြောင့်ဖြစ်တယ်လို့လည်း M7တပ်ဖွဲ့ရဲ့ ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

” လိုက်တော့လိုက်နေတယ်၊ သိထားတဲ့လူကတော့ရှိပြီဗျ၊ထုတ်ပြောပြလို့မရသေးလို့ပါ” လို့ သတင်းပေးတဲ့သူလျှိုရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးဗိုလ်မြတ်ကပြောပါတယ်။

စီးနင်းခံရတဲ့စခန်းပေါ်ကနေ စစ်ကောင်စီရဟတ်ယာဥ်နဲ့လေယာဥ်တွေဖြတ်ပျံလေ့ရှိပေမယ့် စခန်းဟာလျှိုထဲကသစ်ပင်တွေအောက်မှာရှိတာကြောင့် လေယာဥ်ပေါ်ကနေဘယ်လိုမှမမြင်နိုင်တဲ့အပြင် မြေပြင်ကနေလည်း လွယ်လွယ်ရောက်လာနိုင်တဲ့နေရာမ ဟုတ်ဘူးလို့ ဆိုပါတယ်။ သူလျှိုရဲ့သတင်းပေးမှုကြောင့်သာ ရဟတ်ယာဥ်သုံးစီးဟာစခန်းကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာဖြစ်တယ်လို့သူကပြောပါတယ်။

ပုလဲနယ်မှာ တိုက်ပွဲတွေများတာကြောင့်စစ်ကောင်စီရဟတ်ယာဥ်တွေနဲ့လေယာဥ်တွေဟာ ပုံမှန်စခန်းပေါ်ဝန်းကျင်ကနေ ပျံလေ့ရှိခဲ့ကြတာကြောင့်လည်း စခန်းစီးနင်းခံရမှာကို သတိမပြုမိဖို့ခက်ခဲတယ်လို့ ဗိုလ်မြတ်ကဆက်ပြောပါတယ်။

M7 PDF တပ်ဖွဲ့ဟာ အရင်က M7 People’s Defense Army အနေနဲ့ ပုလဲနယ်နဲ့ ဒေသတွင်း တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့ပြီး မကြာသေးခင်ကတော့ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းလှုပ်ရှားတဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ရဲ့ တပ်ရင်းတခုအဖြစ် ဝင်ရောက်ခဲ့ပါတယ်။

ပန်းရွာအနီးက M7 PDF တပ်ဖွဲ့စခန်းကို စစ်ကောင်စီက လေကြောင်းကနေ လာရောက်နေတဲ့ကာလအတွင်း အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး မနေ့က ဧပြီ၆ရက်နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။