ဧပြီ ၊ ၇
ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ခြောက်နှစ်ချမှတ်လိုက်တယ်လို့ KBC နဲ့ နီးစပ်သူတွေထံမှာ သိရပါတယ်။
စစ်ကောင်စီရဲ့ မြစ်ကြီးနားတရားရုံးက ဒေါက်တာခလမ်ဆမ်ဆွန်ကို စွပ်စွဲဆွဲဆိုထားတဲ့ အမှု ၃ ခုအတွက် ထောင်ဒဏ်တွေကို ဒီကနေ့ ရုံးထုတ်မှာ အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။
” ဒီကနေ့ စုစုပေါင်း ၆ နှစ်ချတယ်။ အမှုအားလုံးအတွက်ချလိုက်တာပါ။ သူကို ၅၀၅ နဲ့ ကောအကြမ်းဖက်အမှုတွေကော စွဲထားတယ်လေ အဲဒီအမှုတွေကို ချတာ သူရှေ့နေတွေကတော့ အယူခံဆက်တက်မယ်ပြောတယ်ပေါ့ ” လို့ KBC နဲ့ နီးစပ်သူ တဦးကပြောပါတယ်။
ကချင်လူထုကြားမှာ ထင်ရှားတဲ့ ဒေါက်တာဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) စတဲ့ အမှု ၃ ခုနဲ့ တရားရင်ဆိုင်ခဲ့ရတာပါ။
ဒီကနေ့ ရုံးထုတ်မှာတော့ ပုဒ်မ ၁၇ (၁) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၉၅(က)အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်ချလိုက်တာပါ။
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌ ဟောင်းဒေါက်တာခလမ်ဆမ်ဆွန်ကိုတော့ ထိုင်းနိုင်ငံကိုဆေးကုဖို့အသွားမှာ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ (၅)ရက်မှာ မန္တလေးလေဆိပ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီက ဒေါက်တာခလမ်ဆမ်ဆွန် အနေနဲ့ မတရားအသင်းအဖြစ်ကြေညာထားတဲ့ KIA ဗဟိုဌာနချုပ်လိုင်ဇာကို သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဗိုလ်ချူပ်ဂွမ်မော်တို့ ပြုလုပ်တဲ့ အစည်းအဝေးတွေ တက်ရောက်ခဲ့တာ၊ NUG အစိုးရရဲ့ ကချင်လူမျိုးဝန်ကြီးတွေနဲ့ တွေ့ဆုံတယ်ဆိုပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးသူအောင်ဇော် က တရားလိုလုပ် တရားစွဲတာတွေ လုပ်ခဲ့တာပါ။
ဒေါက်တာခလမ်ဆမ်ဆွန်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့သဘောထားထုတ်ပြန်တာတွေရှိနေသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကလည်း ပြန်လည်လွတ်ပေးဖို့ စစ်အုပ်စုကို ပြောဆိုထားပါတယ်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ဥက္ကဌဟောင်းတဦးဖြစ်သလို လက်ရှိလည်း အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေတာပါ။ ဒါ့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့(WMR)ဥက္ကဌ လည်းဖြစ်သလိုငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)အဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ဟာ (၂၀၁၉)ခုနှစ်ကအမေရိကန်နိုင်ငံခရီးစဉ်အတွင်း သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံချိန်မှာ စစ်တပ်က ခရစ္စယာန် တွေကိုဘာသာရေးအရဖိနှိပ်နေကြောင်း ပြောဆိုခဲ့လို့ စစ်တပ်ကအမှုဖွင့်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။
နောက်ပိုင်းမှာတော့ စစ်တပ်ကအမှုဖွင့် တရားစွဲတာမရှိတဲ့အပြင် ၂၀၂၀ နှစ်ကုန်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ မြစ်ကြီးနားမြို့ခရီးစဉ်အတွင်း ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်အထိလူပေါင်း၂၁၂၄၂ ဦးကို ဖမ်းဆီးထားတဲ့အနက် ပြန်လည်လွတ်မြောက်သူ ၃၈၄၅ ဦး၊ ဆက်လက်ဖမ်းဆီးထားသူ ၁၇၃၇၅ ဦးနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၅၃၉ ဦးကိုထောင်ဒဏ်ချမှတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။