ဧပြီ၊ ၇
ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတဝိုက်မှာဖြစ်နေတဲ့စစ်ရေးအခြေအနေ တွေကြောင့် အဲ့ဒီလမ်းကို ဒီက နေ့ကစလို့ နှစ်ပတ်ကြာ အသုံးမပြုဖို့ ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဆယ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
မြဝတီနဲ့ ကော့ကရိတ်မြို့နယ်တွေအတွင်းမှာ မတ်လ ၂၅ရက်ကစလို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ် ကောင်စီဘက်က အထိနာနေတာကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးကတဆင့် အရပ်သားကားတွေကို အသုံးပြုုပြီး လူအင်အား၊လက်နက်ခဲယမ်းနဲ့စားနပ်ရိက္ခာတွေပို့နေတယ်လို့ ဆိုပါတယ်။
“ဒီလမ်းကြောင်းကိုလုံးဝအသုံးမပြုဖို့ညွှန်ကြားလိုက်တာပါ၊စစ်တပ်ကအရပ်ဝတ်တွေနဲ့အသုံးပြုပြီးတက်လာနေတာတွေရှိလို့၊ရွှေကုက္ကိုလ်ဘက်မှာဆိုကျွန်တော်တို့ပိတ်ထားတာရှိတယ်၊သဃ်န်းညီနောင်ဘက်မှာဆိုလဲတခြားအဖွဲ့တွေပိတ်ထားတာရှိတယ်၊ဒီကောင်တွေ(စစ်ကောင်စီ)ကကြားထဲမှာလဲရှိတယ်၊ခုလက်ရှိအခြေအနေကအဲ့လိုဖြစ်နေတယ်”လို့ Lion Battalion စစ်ကြောင်းက တာဝန်ရှိသူတဦးကDNAကိုပြောပါတယ်။
အာရှလမ်းမကြီးကိုအသုံးမပြုဖို့ အသိပေးတားမြစ်ချက်ကို မြဝတီ-ကော့ကရိတ်ဒေသကတိုက်ပွဲတွေ မှာပါဝင် တိုက်ခိုက်နေကြတဲ့ KNU လက်အောက်ခံ KNLA စစ်ကြောင်းတွေ၊ကော်သူးလေအာမီ(KTLA) လက်အောက်ခံ စစ်ကြောင်းတွေနဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းတွေက ပူးပေါင်းထုတ် ပြန်ကြတာပါ။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်လက်ရှိအချိန်အထိ NCA စာချုပ်အတိုင်းဆက်လက်ရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေလုပ်နေတဲ့ KNU/KNLA(PC)တပ်ဖွဲ့ဝင် ဗျူဟာမှူးတဦးနဲ့တပ်ရင်းမှူးတဦးတို့လည်း အခုထုတ်ပြန် ချက်မှာပါဝင်လက်မှတ်ရေးထိုးထားကြပါတယ်။
အခုလို လက်မှတ်ရေးထိုးတာကြောင့် ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စော ကျော်ဂရောင်းတို့ကို အဖွဲ့အစည်းကနေ ထုတ်ပယ်တယ်လို့ KNU/KNLA(PC)က ဒီကနေ့မှာပဲ ထုတ်ပြန် ကြေညာထားပါသေးတယ်။
အခုလို အာရှလမ်းမကိုရက်ရှည်အသုံးမပြုဖို့ကြေညာလိုက်တာကြောင့် ထိုင်းနိုင်ငံကနေ မြဝတီမြို့ကတဆင့် ပြည်မဘက်ဆက်ပို့မယ့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားမှာဖြစ်သလို ထိုင်းနိုင်ငံဘက်ကိုပို့မယ် ပို့ကုန်လည်း တင်ပို့နိုင်တော့မှာမဟုတ်လို့ စစ်ကောင်စီအတွက် အခွန်ဝင်ငွေအများအပြား ထိခိုက်နိုင်တယ်လို့ မြဝတီမြို့ ခံကုန်သည်တဦးကပြောပါတယ်။
“ပြည်ပရောက်မယ့်ကုန်စည်ကမရောက်နိုင်တော့ဘူး၊ထိုင်းကရောက်တဲ့ကုန်ကပဲအရေးကြီးတယ်၊ခုကကုန်သွယ်ရေးဇုန်ရောလမ်းကြောပိတ်လိုက်တာရောသူတို့ရဲ့ကုန်စည်ကမရောက်နိုင်တော့ဘူး၊ရန်ကုန်ကအစထိုင်းကသုံးနေတော့မြဝတီမှာတော့ကုန်ကရှိနေပေမယ့်မရောက်တဲ့အခါရပ်သွားမှာပဲ၊အဓိကကတော့ကုန်စည်စီးဆင်းမှုရပ်သွား ရင်ထိုင်းကလဲထပ်ပို့မှာမဟုတ်တော့ဘူး”လို့သူကပြောပါတယ်။
ထိုင်းနိုင်ငံဘက်အခြမ်းမဲဆောက်မြို့ကနေမြဝတီကုန်သွယ်ရေးဇုန်ထဲကိုဝင်ရောက်ပြီးသားပို့ကုန်တွေဟာရန်ကုန်အပါအဝင်နယ်မြို့တွေကိုဆက်မထွက်နိုင်ဘဲပိတ်မိနေသလို ထိုင်းဘက်ကတင်ပို့ နေကျစားသောက်ကုန်နဲ့ အလှ ကုန်ပစ္စည်းတင်ပို့မှုကလဲဒီရက်ပိုင်းမှာမရှိသလောက်ဖြစ်နေပြီလို့လဲကုန်သည်တွေကပြောပါတယ်။
လက်ရှိမြဝတီမြို့ပေါ်မှာတော့လူသုံးကုန်ပစ္စည်းအရောင်းဆိုင်တချို့အပါအဝင်စျေးဆိုင်အများစုပိတ်ထားကြပြီး နယ်ခြားစောင့်တပ်BGFနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကအင်အားတိုးကင်းလှည့်တာတွေလုပ်နေကြတယ်လို့သိရပါတယ်။