ဧပြီ၊ ၇
ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတပါးဖြစ်ပြီး ဦးဇင်းပုရစ်လို့လည်းလူသိများတဲ့ ဆရာတော် ဦးစန္ဒာသီရိ အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့လျှော့ရက်နဲ့ ဒီကနေ့ အကျဉ်းထောင်အသီးသီးကနေပြန်လည် လွတ် မြောက်လာကြတယ်လို့ နိုင်ငံရေးအကျဉ်းသားအသိုင်းအဝိုင်းကသိရပါတယ်။
လက်ရှိအထိ ဒီကနေ့ပြန်လွတ်လာသူတွေထဲမှာ ဆရာတော်ဦးစန္ဒာသီရိအပြင် မကွေးမြို့က အာဏာရှင် ဆန့်ကျင် ရေး လူထုသပိတ်ဖြိုခွဲခံရချိန် ပစ်ခတ်ခံရပြီး ကိုယ်ဘက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ကိုလျှံဖြိုးအောင်လည်း ပါဝင်တယ်လို့ ကနဦးသိရပါတယ်။
ဒါ့အပြင် ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်လည်း ဒီကနေ့ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေထွက်ပေါ် နေ ပြီး DNA အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်ဟာ ခေတ်အဆက်ဆက်နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အုပ် စုက အကြိမ်ကြိမ်ဖမ်းဆီးထောင်ချခဲ့သလို အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် မတ်လ ၁၃ရက်ကလည်း ထပ်မံဖမ်း ဆီးခံခဲ့ရတာပါ။
အဲ့ဒီနောက် တနှစ်ဝန်းကျင်အကြာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှာ အင်းစိန်ထောင်တွင်းတရားရုံးကပုဒ်မ ၅၀၅(က)နဲ့ ဆရာတော် ဦးစန္ဒာသီရိကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။
မကွေးနည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာဘာသာရပ် ကျောင်းသား တဦးဖြစ်တဲ့ အသက်(၂၀)ကျော် အရွယ် ကိုလျှံဖြိုးအောင်ကတော့ ၂၀၂၁ခုနှစ် မတ်လ ၂၇ရက်က မကွေးမြို့မှာပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့် ကျင်ရေး ဆန္ဒပြပွဲကို စစ်ကောင်စီကပစ်ခတ်ဖြိုခွဲချိန်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး ညာဘက်လက် ဆုံးရှုံး ခဲ့ရသူပါ။
ပြင်းထန်ဒဏ်ရာတွေရထားတဲ့ ကိုလျှံဖြိုးအောင်ကို စစ်ကောင်စီက ဖမ်းဆီးကာ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်တရားစွဲ ဆိုခဲ့ပြီး ၂၀၂၂ခုနှစ်မတ်လ ၂၈ရက်မှာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။ကိုလျှံဖြိုးအောင်ဟာ ပြင်းထန်ဒဏ်ရာ ကိုကုသရင်း နှစ်နှစ်ကျော်ကြာ အချုပ်အနှောင်ခံခဲ့ရတာဖြစ်ပါတယ်။