ဧပြီ၊ ၇
ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အဆင့်ထုတ်ပြန် သတ်မှတ်ချက် အသစ်တွေအရ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ ၆ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့အဆင့် ၁ နေရာကို တက်လှမ်းလာခဲ့ပါတယ်။
ဖီဖာက ဧပြီ ၆ ရက်မှာ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် အသစ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကာတာမြေမှာ ပြင်သစ်ကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနား အသင်းဟာ လောလောလတ်လတ် ခြေစမ်းပွဲတွေမှာ ပနားမားကို ၂-၀၊ ကူရာကောင်းကို ၇-၀ နဲ့ အနိုင်ယူထားတဲ့အတွက် ရမှတ်တိုးပြီး ထိပ်ဆုံးနေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားဟာ ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ နံပါတ် ၁၂ နေရာထိ ကျဆင်းခဲ့ဖူးပါတယ်။
ဖီဖာရဲ့ အဆင့် သတ်မှတ်ချက် အသစ်တွေမှာ ပြင်သစ်က တစ်ဆင့်တက်ပြီး ဒုတိယ နေရာကို ရောက်လာပါတယ်။ ပြင်သစ် အသင်းဟာ ဥရောဖလား ခြေစစ်ပွဲစဉ်တွေမှာ နယ်သာလန်ကို ၄-၀၊ အိုင်ယာလန်ကို ၁-၀ နဲ့ အသီးသီး အနိုင်ရခဲ့ပါတယ်။ တဖက်မှာတော့ အရင်က ကမ္ဘာ့အဆင့် ၁ နေရာမှာ ရှိခဲ့တဲ့ ဘရာဇီးက ခြေစမ်းပွဲမှာ မော်ရိုကို အသင်းကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ခြင်းနဲ့အတူ တတိယ နေရာထိ ကျဆင်းသွားတာ တွေ့ရပါတယ်။
ဘယ်လ်ဂျီယမ်နဲ့ အင်္ဂလန် အသင်းတို့ကတော့ စတုတ္ထနဲ့ ပဉ္စမ နေရာတွေမှာ အပြောင်းအလဲမရှိ ဆက်လက် ရပ်တည်နေပြီး အဲဒီနိုင်ငံတွေနောက်မှာ နယ်သာလန်၊ ခရိုအေးရှား၊ အီတလီ၊ ပေါ်တူဂီနဲ့ စပိန်တို့က ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းဝင်တွေအဖြစ် အစဉ်လိုက် ရှိနေတာကို တွေ့ရပါတယ်။
နောက်ဆုံး ထုတ်ပြန်တဲ့ ဖီဖာရဲ့ အဆင့် သတ်မှတ်ချက်တွေမှာ အသိသာဆုံး တိုးတက်လာတာကတော့ အလယ်ပိုင်း အာဖရိက နိုင်ငံဖြစ်ပြီး အဆင့် ၁၀ ခု ခုန်တက်ခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁၂၂ ထိ ရောက်ရှိလာကြောင်း သိရပါတယ်။