ကလေးမြို့နယ်မြောက်ပိုင်းမှာ နေ့စဉ်တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းလက်နက်ကြီး တွေနဲ့တိုက်ခိုက်

 

ဧပြီ၊ ၅

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ မတ်လ ၃၀ ရက်ကစလို့ ဒီကနေ့ ဧပြီ ၅ ရက်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီ ကသိ ရပါတယ်။ 

“ဒီနေ့မနက်လည်းတိုက်ပွဲဖြစ်နေတာပဲ၊သူတို့စစ်ကြောင်းစထိုးတဲ့နေ့ကစပြီး ဧပြီလ ၁ ရက်နေ့ကလွဲလို့ နေ့တိုင်း တိုက်ပွဲဖြစ်နေတာ။ ပျဥ်းတောဦးနားမှာဖြစ်တဲ့တိုက်ပွဲကသူတို့တော်တော်သေတယ်” လို့ ကလေးမြို့နယ် မြောက် ပိုင်းဒေသခံတဦးကပြောပါတယ်။ 

ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ကလေးမြောက်ပိုင်းအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ကတော့ တဘက် နဲ့တဘက် အထိနာတယ်လို့ အပြန်အလှန်ပြောဆိုထုတ်ပြန်တာတွေရှိနေပါတယ်။

ကလေး-ကဘော်၊ဂန့်ဂေါဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုရှိတဲ့ CDF KKG တပ်ဖွဲ့က မတ်လ ၃၀ရက်ကနေ ဧပြီ ၃ ရက်အထိ ငါးရက်ကြာတိုက်ပွဲအတွင်းမှာ မတ်လ ၃၁ရက် တရက်တည်း စစ်ကောင်စီဘက်က ခုနစ်ဦးသေ ဆုံး တာကို အတည်ပြုနိုင်ပြီး တခြားတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်က အထိနာတယ်လို့ဖော်ပြပါတယ်။

” သူတို့ဟတ်စကီးနဲ့လာပစ်ပြီး အလောင်းတွေကိုဆွဲယူကြတာ၊အဲဒါကိုကျွန်တော်တို့ရဲဘော်တွေကမြင်ပြီး ရေ ထားလိုက်တာ” လို့ CDF KKG ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊လေကြောင်းတွေအသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် CDF KKG တပ်ဖွဲ့ဝင် တဦးသာ မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အလားတူ စစ် ကောင်စီရဲ့ နမခဌာနချုပ်နဲ့ နီးစပ်တဲ့ ဝါဒဖြန့် မီဒီယာ Fifty two ကလည်း စစ်ကောင်စီတပ်တွေက တိုက်ခိုက်လို့ တော်လှန်ရေးတပ်တွေ အလောင်းမကောက်နိုင်ဘဲ ဆုတ်ခွာထွက်ပြေးကြရတယ်လို့ဖော်ပြပါတယ်။

နှစ်ဘက်လုံးက အဲ့ဒီလိုထုတ်ပြန်ရာမှာ ဓာတ်ပုံနဲ့ ရုပ်သံအထောက်အထားတွေဖော်ပြကြတာမရှိပါဘူး။CDF KKG ကတော့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရရှိတယ်ဆိုတဲ့ ကျည်အိမ်နှစ်ခု၊ကျည်ဆံတချို့နဲ့ အသုံးအဆောင်တချို့ကို ဖော်ပြထားပါတယ်။

လက်ရှိ ကလေးနယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ CDF-KKG တပ်ဖွဲ့အပြင် ဒေသတွင်း  အခြေစိုက် တခြား ကာကွယ် ရေးတပ်တွေလည်း  ပါဝင်တိုက်ခိုက်နေပြီး လက်နက်၊ခဲယမ်းတွေသိမ်းဆည်းရမိတာရှိတယ်လို့ ကာကွယ်ရေးအင် အားစုတွေကပြောပေမယ့် DNA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို CDF – KKG, TCDF, CNDF, PDF Kalay, HNB, CR, PDA, ပကဖ, CDM Siyin ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

ကလေးမြို့နယ် ဒေသခံတွေကတော့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေလို့ လေကြောင်း ပစ်ခတ် မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ စစ်ကောင်စီက ဆက်တိုက်လုပ်နေတာလို့  ပြောကြပါတယ်။

အာဏာသိမ်းစကတော့(စစ်ကောင်စီဝါဒဖြန့်တာတွေကို) တပ်ထောက်ခံသူတွေတော်တော်ယုံကြတယ်၊ခုတော့ မယုံကြတော့ဘူး၊သိသာတယ်၊မနေ့ကကျွန်တော်မြေပြင်ကသူငယ်ချင်းနဲ့ V – Call ပြောလို့ စစ်ကောင်စီတွေဆီက ရတဲ့သေနတ်တောင်ကြွားနေသေးတာ၊သူတို့(စစ်အုပ်စု)ပြောတဲ့အတိုင်း ရဲဘော်တွေဒီလောက်ကျရင် သတင်းက တန်းတက်မှာ ဖုံးလို့မရဘူး”လို့ ကလေးဒေသခံတဦးက ဆိုပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က မတ်လ ၃၁ရက်နဲ့ ဧပြီ ၂ရက်၊၃ ရက်တွေမှာ လေကြောင်းပစ် ခတ်မှုလုပ်ခဲ့သလို ကလေးမြို့ပေါ်ကနေလည်း နေ့စဉ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြော ပါတယ်။ 

ဒါ့အပြင် ဧပြီလ ၂ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ စစ်သားတွေချပြီးအင်အားဖြည့်ခဲသေး တယ်လို့သိ ရပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှု ၊ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးမြို့နယ် မြောက်ပိုင်း ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေကြရတာတပတ်ကြာရှိပြီဖြစ်ပြီး မိုးကာ၊စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေဆီကသိရပါတယ်။