ဧပြီ၊ ၅
လာမယ့် သင်္ကြန်ကာလအတွင်း စားသုံးဆီလုံလောက်နိုင်ဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံက စားသုံးဆီတန်ချိန် သုံးသောင်း တင်သွင်းထားပေမယ့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတွေကတော့ ကျဆင်းသွားတာ မရှိသေးဘူးလို့ ဆီကုန်သည်တွေနဲ့ ဝယ်ယူသုံးစွဲနေသူတွေက ပြောကြပါတယ်။
” လုပ်ငန်းရှင်အသင်း ဆီစျေးကလည်း ကျပ်တရာလောက် တက်သွားတယ်၊ ပြင်ပဆီစျေးနှုန်းကလည်း ကျပ် ၇၀၀၀ ဝန်းကျင်မှာ ရပ်နေတုန်းပဲ ဖြစ်နေပါတယ်၊ စျေးနှုန်းတွေ ထပ်မတက်အောင် ရည်ညွှန်းစျေးကို ပြန်ချဖို့ လုပ်နေပါတယ် ” လို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဝင်လည်း ဖြစ်တဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဆီကုန်သည်တဦးက DNA ကိုပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက စားသုံးဆီ တန်ချိန် ၃၀၀၀၀ ပါဝင်တဲ့ ဗီယက်နမ်နိုင်ငံပိုင် M/T TRACY စားသုံးဆီတင်သင်္ဘောဟာ ကြည့်မြင်တိုင်မြို့နယ်ရှိ မြန်မာနိုင်ဂရုဆိပ်ကမ်းကို ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် မနက်ပိုင်းမှာ ဆိုက်ကပ်လာတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။
အဲဒီစားသုံးဆီတန်ချိန် ၃၀၀၀၀ ကျော်ရောက်ရှိလာပေမဲ့ ဒီကနေ့အထိ ပြည်တွင်းစားသုံးဆီ ရည်ညွှန်းစျေးနှုန်း နဲ့ ပြင်ပပေါက်ဈေးတွေကတော့ ကျဆင်းမှုမရှိသေးပါဘူး။
စစ်ကောင်စီရဲ့စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စားသုံးဆီအခြေခံစျေးနှုန်းကို ဧပြီ ၉ ရက်အထိ တပတ်တာကာလအတွက် တပိဿာ ၄၅၄၅ ကျပ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တပတ်အခြေခံရည်ညွှန်းဈေး (တပိဿာကျပ် ၄၄၄၀)ထက် ကျပ်တရာကျော်လောက် မြင့်တက်လာတာပါ။
အခုလိုအခြေခံရည်ညွှန်းစျေးနှုန်း မြင့်တက်နေတဲ့အတွက် ပြင်ပစားသုံးဆီစျေးနှုန်းတွေဟာ ကျပ် ၇၀၀၀ ဝန်းကျင်မှာ ရပ်တန့်နေပြီး စျေးနှုန်းထပ်မံပြောင်းလဲဖို့ အလားအလာမမြင်ရသေးဘူးလို့ လှိုင်မြို့နယ်အတွင်းက စားသုံးဆီနဲ့ အခြေခံစားသောက်ကုန်အရောင်းဆိုင်ရှင်တဦးက ဆိုပါတယ်။
သင်္ကြန်ကာလအတွက် ပြည်တွင်းမှာ လက်ကျန်စားသုံးဆီ တန် ၃၀၀၀၀ ရှိနေပြီး သင်္ကြန်မတိုင်ခင်အတွင်း ဆီတန် ချိန် ၃၅၀၀၀ လောက်တင်ဆောင်လာမယ့် သင်္ဘောရှစ်စင်း ထပ်မံဆိုက်ကပ်လာဖို့ရှိတဲ့အတွက် ပြည်တွင်းစားသုံးဆီ အလုံအလောက်ရှိတဲ့အပြင် ပိုလျှံနေတယ်လို့လည်း စစ်ကောင်စီရဲ့စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်သင်္ကြန်ရုံးပိတ်ရက်ကာလမှာ စားသုံးဆီပြတ်လပ်မှုမရှိဖို့၊ စျေးကွက်လိုအပ်ချက်ပြည့်မီဖို့နဲ့ စားသုံးဆီဖြန့်ဖြူးမှုအတွက် စျေးကစားဖို့ သိုလှောင်ဖြန့်ဖြူးမှုတွေ ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနနဲ့ ပူးပေါင်းပြီး စစ်ဆေးကြပ်မတ်နေတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်လုပ်ငန်းရှင်တဦးက ဆိုပါတယ်။
” ပြင်ပမှာ စျေးတက်နေတဲ့အပေါ် ဆီတွေကို အကြောင်းမဲ့ သိုလှောင်ပြီး စျေးကစားနေတဲ့ အရောင်းဆိုင်တွေ ရှိ မရှိ စစ်ဆေးကြပ်မတ်နေတယ်၊ စားသုံးသူရေးရာဦးစီးဌာနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ အရေးယူ လုပ်ဆောင်ဖို့အထိလည်း ကြိုးစားနေတယ်လို့ အသိပေးချင်ပါတယ် ” လို့ သူကဆိုပါတယ်။
ဒါပေမယ့် ပြည်တွင်းမှာ နှစ်စဉ်သင်္ကြန်ကာလရောက်တိုင်း ဆန်နဲ့ ဆီအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာလေ့ရှိပြီး လက်ရှိကာလကတော့ သင်္ကြန်ကာလမတိုင်မီကတည်းက အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ ရန်ကုန်မြို့က အိမ်ရှင်မတဦးက ပြောပါတယ်။
ဓာတ်ပုံ – Social Media
ပုံစာ – လျှော့စျေးနဲ့ရောင်းတဲ့ စားသုံးဆီ ဝယ်ယူနေကြတဲ့ ရန်ကုန်မြို့ခံတချို့