ဧပြီ၊ ၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဧပြီလအစောပိုင်းမှာစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အရပ်သားနှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
“ လိုအပ်တယ်ပေါ့။ ဒါတွေက အမြဲတမ်းလိုအပ်နေတာပဲလေ။ အခုဆို စစ်ရှောင်တွေ ထောင်နဲ့ချီတိုးလာတာ ပိုပြီး လိုအပ်တာပေါ့။ ကျွန်တော်တို့ကတော့ အဆင်ပြေအောင်ပဲ စီစဉ်ပေးနေတာပဲပေါ့။ ရလာတဲ့ အစားအစာ ဆေးဝါးတွေကအစပေါ့။ သူတို့ကတော့ စစ်ရှောင်စခန်းမှာလည်း ရှိတယ်။ တောထဲလည်း ရှိတယ်။ မြို့တက်သွားတဲ့သူတွေလည်း ရှိတယ်။ တချို့နေရာတွေဆို သွားလာရေး အခက်အခဲကြောင့် သွားထောက်ပံ့ပေးဖို့တောင် အခက်အခဲရှိတယ် ” ဟု ၎င်းက ပြောပါတယ်။
ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးရဲ့ ထုတ်ပြန်ချက်အရ တနင်္သာရီမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ မတ်လအတွင်းမှာ စစ်ရှောင်စခန်းတွေမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူ ၈၀၀ ကျော်သာရှိပြီး ယခုလအစောပိုင်းမှာ စစ်ရေးပိုမိုတင်းမာလာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့သူ စုစုပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဟာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တနင်္သာရီ-မောတောင်လမ်းဘေး ချောင်းနှစ်ပေါက်ကျေးရွာဘက်ကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ဧပြီ ၃ ရက်နေ့အထိဆိုရင် ၅ ကြိမ်တိတိ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သလို တိုက်ပွဲတွေဟာလည်း ချောင်းနှစ် ပေါက်၊ ရေဖြူ၊ သိန်းခွန်၊ သဲဖြူကျေးရွာဘက်အထိ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်နေတဲ့ PDF တဦး က DNA ကို ပြောပါတယ်။
“ ပထမဆုံးဖြစ်တာက ချောင်းနှစ်ပေါက်ဘက်မှာ။ အဲဘက်ကို စစ်ကြောင်းထိုးလာရာကနေ ကျွန်တော်တို့ပူးပေါင်းအဖွဲ့တွေ၊ စောင့်ကြိုပြီး ပစ်ခတ်ကြတယ်။ အဲကနေ နောက်နေ့တွေကျတော့ ရေဖြူဘက်မှာ ဖြစ်တယ်။ သိန်းခွန်းဘက်မှာ ဖြစ်တယ်။ ဒီနေရာပဲ လေးကြိမ်လောက် ပစ်ခတ်မှုဖြစ်တယ်၊ နောက်တော့ မနေ့ညနေကဆိုရင် ချောင်းနှစ်ပေါက်ဘက်ကနေလာတဲ့ စစ်ကြောင်းက အင်အား ၁၅၀ ကျော်နဲ့ သဲဖြူကျေးရွာမှာ ခြုံခိုတိုက်ခိုက်တယ်၊ ဒါကတစ်ကြိမ် အားလုံးပေါင်း ၅ ကြိမ်တိတိပေါ့၊ ဒီတလောမှာ ပစ်ခတ်မှု ဖြစ်သွားတယ်။” ဟု ၎င်းက ပြောပါတယ်။
ဒီလိုနှစ်ဖက်ပစ်ခတ်မှုနဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေတွေကြောင့် ထုံခါ၊ ချောင်းနှစ်ပေါက်၊ သိန်းခွန်း၊ ရေဖြူနဲ့ သဲဖြူကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ နှစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦက ပြောပါတယ်။
“ သူတို့ပြောထားတယ်လေ။ ဒီရွာမှာနေတဲ့သူတွေ အမြန်ထွက်ကြဖို့လေ။ အဲဒါကြောင့် ကျွန်မတို့လည်း ကြောက်ပြီး ထွက်ပြေးတာပေါ့။ ဒီဘက်မှာ အခုတလော တိုက်ပွဲခဏခဏဖြစ်တယ်။ ဒီဘက်ကဆိုရင် လေးရွာ၊ ငါးရွာလောက်ထွက်ပြေး နေကြပြီး၊ အများကြီးပဲ၊ တစ်ထောင်၊ နှစ်ထောက်ကျော်လောက်ရှိမယ်ထင်တယ်။ အခုပြေးနေကြတာလေ၊ သူ့ဟာနဲ့ သူပြေးနေကြတာပဲ ” ဟု ရေဖြူရွာဒေသခံတဦးက ပြောပါတယ်။
လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ယာယီစစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေးမျိုးနေအိမ်တွေနဲ့ တောတောင်ဥယျာဉ်ခြံမြေတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အတွက် အစားအစာနဲ့ဆေးဝါးအကူအညီတွေ လိုအပ်မှုရှိတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူ တဦးက ပြောပါတယ်။
တဖက်မှာလည်း တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားရာ နယ်မြေထဲကို စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက် နိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားထပ်မံဖြည့်တင်းထားပြီး စစ်ကောင်စီတပ်နဲ့အတူ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်(BGF)တွေကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်ပေးနေပါတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တနင်္သာရီမြို့နယ်မှာ နှစ်ဖက်စစ်ရေးတင်းမာမှု ရှိနေပြီး နှစ်ဖက်တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာသင့်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ အခုအခြေအနေက သိတဲ့အတိုင်းပဲ၊ စစ်ရေးတင်းမာနေတဲ့အခြေအနေ၊ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်။ အခုလည်း နေ့တိုင်းလိုလို တစ်နေရာမဟုတ်တစ်နေရာမှာ ဖြစ်နေတယ်ဆိုတော့ ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာကို ကြိုရှောင်သင့်ပါတယ်လို့ ကျွန်တော်တို့ မေတ္တာရပ်ခံချင်ပါတယ်။ တခုခုဖြစ်လာရင် ငါတို့ပြည်သူတွေကို ဘာမှ ထိခိုက်တာမျိုးတွေ မဖြစ်စေချင်ပါဘူး ” ဟု ၎င်းက ပြောပါတယ်။
ဒီလိုနှစ်ဖက်တိုက်ပွဲပြင်းထန်းနေတဲ့အခြေအနေတွေကြောင့် ဧပြီလ ၃ ရက်နေ့မှ စတင်ကာ တနင်္သာရီမြို့နယ်အတွင်းက မြိတ်-ဘုတ်ပြင်း လမ်းပိုင်းနဲ့ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းကို သွားလာခွင့်ပိတ်ထားမည်ဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းမှာဆိုရင် မတ်လပထမအပတ်မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေ ကြောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် စစ်ရှောင်ပြည်သူဦးရေ တဟုန်ထိုးမြှင့်တက်လာခဲ့ပြီး မတ်လမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူ ၄၀,၀၀၀ နီးပါးအထိ ရှိလာခဲ့တယ်လို့ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးရဲ့အဖွဲ့က ထုတ်ပြန်ထားပါတယ်။
တနိုင်ငံလုံးမှာ စစ်ရှောင်နေရသူပေါင်း ၁ ဒဿမ ၇ သန်းကျော်ရှိပြီး လူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူပေါင်း ၁၇ သန်းကျော်ဟာ လူသားချင်စာနာမှုအကူအညီတွေလိုအပ်နေတယ်လို့လည်းကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Google