ပစ်ချခံခဲ့ရတဲ့ မိုးပျံပူဖောင်းက ထောက်လှမ်းရေး အချက်အလက်တွေ တရုတ်ဆီ ပို့ဆောင်နိုင်ခဲ့တယ်လို့ဆို

ဧပြီ၊ ၄

အမေရိကန် ကမ်းလွန်မှာ ပစ်ချ ခံခဲ့ရတဲ့ တရုတ် မိုးပျံပူဖောင်းဟာ ထောက်လှမ်းရေး အချက်အလက်တွေကို တရုတ်ဆီ အချိန်နဲ့ တပြေးညီ ပေးပို့နိုင်ခဲ့ကြောင်း အမေရိကန် သတင်းဌာန တခုက ထုတ်ဖော် ရေးသားလာခဲ့ပါတယ်။

ဖေဖော်ဝါရီ လဆန်းပိုင်းက အမေရိကန် အရှေ့ဖက် ကမ်းလွန်ရေပြင်မှာ F-22 တိုက်လေယာဉ် တစီးက ပစ်ချတာ ခံခဲ့ရတဲ့ တရုတ် မိုးပျံပူဖောင်းရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို စစ်ဆေးနေတဲ့ အရာရှိ တချို့ရဲ့ အဆိုကို ကိုးကားပြီး NBC သတင်းဌာနက အခုလို ဖော်ပြခဲ့တာပါ။

အမေရိကန်က အဲဒီ မိုးပျံပူဖောင်းကို သူလျှို ပစ္စည်း တခုလို့ စွပ်စွဲထားပြီး တရုတ်ကတော့ အမေရိကန် လေပိုင်နက်ထဲ မတော်တဆ လမ်းကြောင်းမှား ဝင်ရောက်သွားမိတဲ့ မိုးလေဝသ လေ့လာရေး မိုးပျံပူဖောင်း တခုသာ ဖြစ်တယ်လို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

အဲဒီ မိုးပျံပူဖောင်းဟာ အမေရိကန်ကို ဖြတ်ပျံနေတဲ့ ရက်ပိုင်းအတွင်း ဓာတ်ပုံတချို့ ရိုက်ခဲ့ပေမယ့် မြေပြင်က အီလက်ထရောနစ် သင်္ကေတတွေကို ကြားဖြတ်ဖမ်းယူတဲ့ တာဝန်ကို အဓိက လုပ်ဆောင်ပြီး ရရှိသမျှ အချက်အလက်တွေကို တရုတ်ဆီ အချိန်နဲ့ တပြေးညီ ပြန်ပို့ခဲ့တယ်လို့ စစ်ဆေးရေး အရာရှိ တဦးက NBCကို ပြောပါတယ်။

အမေရိကန် မီဒီယာရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ လောလောဆယ် အိမ်ဖြူတော်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အစောပိုင်းမှာတော့ အမေရိကန် ထောက်လှမ်းရေး အရာရှိ တချို့က ဘောလုံး ဖြတ်ပျံတဲ့ အချိန်မှာ အဲဒီပစ္စည်းရဲ့ ထောက်လှမ်းရေးဆိုင်ရာ စွမ်းရည်တွေကို ကန့်သတ် လျှော့ချနိုင်ခဲ့တယ်လို့ ပြောထားဖူးပါတယ်။

ဇန်နဝါရီ လကုန်ပိုင်းက အဲဒီဘောလုံးကို အမေရိကန်ပိုင် အလာစကာ ပြည်နယ် ကောင်းကင်ယံမှာ တွေ့ရှိခဲ့ပြီး အဲဒီနောက် ကနေဒါ လေပိုင်နက်ကို ဖြတ်ခဲ့သလို ဖေဖော်ဝါရီ လဆန်းမှာ အမေရိကန် ပိုင်နက်ထဲ ပြန်ရောက်လာပြီး အနောက်ကနေ အရှေ့ကို ကန့်လန့်ဖြတ် ပျံသန်းခဲ့တာပါ။ ဖေဖော်ဝါရီ ၄ ရက်မှာတော့ အမြင့် ပေ ၂၀၀ လောက် အရွယ်အစားရှိပြီး ပင်လယ်ရေပြင်အထက် ပေပေါင်း ၆၀၀၀၀ နဲ့ ၆၅၀၀၀ ကြားလောက် အမြင့်မှာ ပျံသန်းနေတဲ့ မိုးပျံပူဖောင်းကို အမေရိကန် လေတပ်က ပစ်ချခဲ့ပါတယ်။

ဒီဖြစ်စဉ်နောက်ပိုင်း တရုတ်နဲ့ အမေရိကန်တို့ကြား သံတမန်ရေးရာ တင်းမာမှုတွေ မြင့်တက်ခဲ့သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က တရုတ်ကို သွားရောက်မယ့် ခရီးစဉ် ဖျက်သိမ်းပစ်တဲ့ထိ နောက်ဆက်တွဲ သက်ရောက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Ref: NBC