တပတ်အတွင်း ကမ္ဘာ့စံချိန်သစ် နှစ်ခုဆက်တိုက် တင်ခဲ့တဲ့ ဆယ်ကျော်သက် ရေကူးမယ်လေး

ဧပြီ၊​ ၄

ကနေဒါက ရေကူးမယ်လေး မက္ကင်တော့ရှ်ဟာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် ရက်ပိုင်းအတွင်း ကမ္ဘာ့စံချိန်သစ် နှစ်ခုကို ဆက်တိုက် တင်နိုင်ခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် မက္ကင်တော့ရှ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ၄ မျိုးကူး မီတာ ၄၀၀ ပြိုင်ပွဲမှာ ၄း၂၅.၈၇ နဲ့ ပန်းဝင်ပြီး ကမ္ဘာ့စံချိန် ချိုးခဲ့ပါတယ်။ အရင်က စံချိန်ဟောင်းကိုတော့ ၂၀၁၆ ခုနှစ်၊ ရီယိုဒီဂျနေးရိုး အိုလံပစ် ပြိုင်ပွဲမှာ ဟန်ဂေရီ ရေကူးမယ် ကာတင်ကာ ဟော့စ်ဇူးက ၄း၂၆.၃၆ နဲ့ တင်ထားခဲ့တာပါ။

မက္ကင်တော့ရှ် အတွက်တော့ ပြီးပြည့်စုံလွန်းတဲ့ သီတင်းပတ်ကို ပိုင်ဆိုင်ခဲ့တာလို့ ဆိုနိုင်ပြီး အဲဒီမတိုင်ခင်ကတင် သူဟာ မီတာ ၄၀၀ အလွတ်ကူး ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန် ချိုးခဲ့ပါသေးတယ်။ အရင်က အိုလံပစ် ချန်ပီယံ အရီရန်နီ တစ်မူးစ်က အဲဒီ ပြိုင်ပွဲတွေမှာ ၃း၅၆.၄၀ နဲ့ စံချိန်တင်ထားရာက မက္ကင်တော့ရှ်က ၃း၅၆.၀၈ နဲ့ ကပ်ပြီး ကျော်ဖြတ်နိုင်ခဲ့တာပါ။

မီတာ ၄၀၀၊ ၄ မျိုးကူး ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန် ချိုးခဲ့ပြီးတဲ့နောက် မက္ကင်တော့ရှ်က ပရိသတ်တွေရဲ့ ဆူဆူညံညံ အော်ဟစ် အားပေးသံကြောင့် ကတုန်ကရင်တောင် ဖြစ်ခဲ့မိကြောင်း၊ ပွဲကြည့်စင်မှာ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေ စုံစုံလင်လင် ရှိနေချိန် အခုလို ထူးခြားတဲ့ အခိုက်အတန့်မျိုး ပိုင်ဆိုင်ခဲ့ရတာကို ကြည်နူးမိကြောင်း၊ သူတို့ရဲ့ အားပေးမှုက သူ့အတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ကြောင်း ပြောပြသွားပါတယ်။

မက္ကင်တော့ရှ်ဟာ အသက် ၁၄ နှစ် အရွယ်မှာ ကတည်းက ၂၀၂၀ ပြည့်နှစ် တိုကျို အိုလံပစ် ပြိုင်ပွဲကြီးမှာ ပါဝင် ယှဉ်ပြိုင်နေခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီတုန်းက သူဟာ မီတာ ၂၀၀ အလွတ်ကူး ပြိုင်ပွဲမှာ စတုတ္ထ နေရာနဲ့သာ ပန်းဝင်ခဲ့တာကြောင့် ဆုတံဆိပ်နဲ့ ကပ်လွဲခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာတော့ မီတာ ၂၀၀ လိပ်ပြာကူးနဲ့ မီတာ ၄၀၀၊ ၄ မျိုးကူး ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ဆွတ်ခူးခဲ့သလို ဓနဿဟာယ ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။

လောလောဆယ်မှာတော့ မက္ကင်တော့ရှ်ဟာ နောက်ထပ် အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ သွားရောက်အခြေချပြီး Sarasota Sharks ရေကူး အသင်းနဲ့အတူ ပြင်းပြင်းထန်ထန် လေ့ကျင့်နေဆဲ ဖြစ်ပါတယ်။

Ref: CNN