ကရင်နီဒေသကို စစ်ကောင်စီက ပျမ်းမျှတရက်နှစ်ကြိမ်နှုန်းနဲ့ လေကြောင်းကတိုက်ခိုက်

ဧပြီ၊ ၃
 
ရှမ်းကယားနယ်စပ်နဲ့ ကယားပြည်နယ်ထဲကို စစ်မျက်နှာငါးခုဖွင့်ပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီဟာ မတ်လအတွင်း ပျမ်းမျှတရက်နှစ်ကြိမ်နှုန်းနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ တလတည်းအတွင်း စစ်ကောင်စီက ကရင်နီ (ကယား)ပြည်နယ်ထဲနဲ့ ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွေမှာ လေကြောင်းကနေ ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်လာတာပါ။
 
ကရင်နီဒေသနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ဒေသတွေဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့တယ်လို့ KNDF က ပြောပါတယ်။
 
ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူငါးဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကရင်နီဒေသနဲ့ ရှမ်း-ကယားနယ်စပ်မှာ မတ်လအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာမှာ မတ်လ ၁၁ ရက်က ဖြစ်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုဟာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
 
နမ်းနိန်းရွာဖြစ်စဉ်တခုတည်းမှာ သံဃာတော်သုံးပါးအပါအဝင် ဒေသခံနှစ်ဆယ်ဝန်းကျင် အစုအပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီဖြစ်စဉ်အပါအဝင် မတ်လအတွင်း သေဆုံးတဲ့ အရပ်သားစုစုပေါင်း (၃၀)ဦးရှိတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
ဒါ့အပြင် လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား သုံးဆယ်နီးပါးရှိခဲ့သလို ဘုန်ကြီးကျောင်းနှစ်ကျောင်း၊ စာသင်ကျောင်း သုံးကျောင်းနဲ့ နေအိမ် ၂၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
“ အဓိကကတော့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့ထက် သူတို့ အုပ်ချုပ်မှုကို လက်မခံတဲ့သူ မှန်သမျှကို ရန်သူသဖွယ်ပစ်မှတ်ထားပြီးတော့ ဗုံးကျဲတာတွေ၊ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ၊ အိမ်တွေ မီးရှို့တာတွေ လုပ်တာဖြစ်ပါတယ် ” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတဦးက DNA ကိုပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ အရေးပေါ်ကာလ ခြောက်လ သက်တမ်းထပ်တိုးပြီးကတည်းက ကရင်နီဒေသကို အပြင်းအထန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ပြင်ဆင်ခဲ့တာပါ။
 
ကရင်နီဒေသတွင်းမှာ လက်နက်ကိုင်ခုခံတော်လှန်မှုတွေ စတင်ပေါ်ပေါက်လာချိန်ကစလို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေ အသုံးပြုပြီး ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲနိုင်ခြင်းမရှိသေးပါဘူး။
 
အခုတကြိမ်တိုက်ပွဲမှာလည်း စစ်မျက်နှာငါးခုအထိ ဖွင့်လာပြီး အင်အားထောင်ချီအသုံးပြု ထိုးစစ်ဆင်နေပေမယ့် မတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၈၁)ဦးအထိ သေဆုံးပြီး (၈၀)ဦးဒဏ်ရာရခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
နှစ်ဘက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ခလရ (၁၂)က ဆက်သွယ်ရေး ဒုတပ်ကြပ်တဦးကတော့ သေနတ်တလက်နဲ့အတူ CDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
မတ်လအတွင်းဖြစ်ခဲ့တဲ့ ကရင်နီဒေသတိုက်ပွဲတွေထဲ ဒီးမော့ဆို မြို့နယ် ဒေါတမကြီးကျေးရွာမှာ မတ်လ ၂၀ ရက် ကနေ ၂၃ ရက်အထိ သုံးရက်ကြာဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ စစ်ကောင်စီဘက်က တပ်ရင်းလိုက်ပြုတ်တဲ့ တိုက်ပွဲအဖြစ် လူမှုကွန်ရက်မှာ လူသိများပါတယ်။
 
အဲ့ဒီတိုက်ပွဲတခုတည်းမှာပဲ စစ်ကောင်စီဘက်က (၉၀)ကျော်သေဆုံးပြီး လက်နက်မျိုးစုံ လေးဆယ်ဝန်းကျင်၊ ခဲယမ်းတွေနဲ့ အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားတာပါ။
 
KNDF ဘက်ကတော့ မတ်လအတွင်းတိုက်ပွဲတွေမှာ (၁၂)ဦးကျဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး ဒဏ်ရာရသူ အရေအတွက်ကိုတော့ ဖော်ပြမထားပါဘူး။ ကရင်နီဒေသတွင်းတိုက်ပွဲတွေမှာ KNDF အပြင် တခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးသူ အခုထက်ပို များနိုင်ပါတယ်။
ဓာတ်ပုံ – KNDF
ပုံစာ – ကရင်နီဒေသအတွင်းမှာတွေ့ရတဲ့ KNDF တပ်ဖွဲ့ဝင်တချို့