ဧရာဝတီတိုင်းမှာ ရက်နှစ်ဆယ်အတွင်း တောဆင်ရိုင်းအနင်းခံရလို့ သေဆုံးသူ သုံးဦးအထိရှိလာ

ဧပြီ၊ ၂

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာအုပ်စုတပ်ကုန်းရွာထဲမှာနေထိုင်တဲ့အမျိုးသားတဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ချောင်းအတွင်း ရေဆင်းချိုးနေချိန်တောဆင်ရိုင်းအုပ်စုနဲ့တိုးပြီး အနင်းခံရလို့သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာလည်း သာပေါင်းမြို့နယ်ခုနှစ်ပင်တောထဲကို ထင်းခုတ်သွားတဲ့ ဦးချိုဌေးဆိုသူဟာတောဆင်ရိုင်းအနင်းခံရလို့ သေဆုံးခဲ့ပြီး မတ်လ ၂၈ ရက်မှာလည်း  သီဟိုခြံ အတွင်း က နေ အိမ်  ကို တောဆင်ရိုင်း တကောင်ဝင်ရောက် ဖျက်ဆီးစဉ် ထွက်မပြေးနိုင်တဲ့  လှေကြီးတက် ရွာက ဒေါ် တင်တင်ရီ ဆိုသူ ဟာ  တောဆင်ရိုင်း နင်းလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်။

ဒါကြောင့်  ဧရာဝတီတိုင်းအတွင်းမှာရက်ပေါင်း ၂၀ အတွင်းတောဆင်ရိုင်းအနင်းခံရပြီး သေဆုံးသူ ၃ဦးအထိရှိလာနေပါတယ်။

 ဧပြီလ ၁ ရက်နေ့ကတောဆင်ရိုင်းကြောင့် သေဆုံးသူဟာ အသက် ၅၆နှစ်အရွယ် အမျိုးသားဖြစ်ပြီး တပ်ကုန်းရွာအနောက်ဖက်၊ ဗူးခုံဒေသမှာရှိတဲံသီဟိုခြံနဲ့ လယ်ကွင်းအတွင်းမှာနေထိုင်သူဖြစ်ပြီး လယ်ကွင်းအနိးက ရှောက်ချောင်းချောင်းအတွင်းမှာ ရေချိုးနေချိန် တောဆင်ရိုင်းအုပ်စုနဲ့တွေ့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

‘’ ဆင်အုပ်ရှိနေတာမသိဘဲ ဆင်တွေကြားထဲရောက်သွားတာ၊ ထွက်ပြေးလို့လည်းမလွတ်ဘူးဖြစ်သွားတယ်။

ညဘက်ကတည်းကမသွားရဲလို့ မနက်မှ အလောင်းသွားကောက်ကြရတယ်။ ဖိနပ်ကတော့ ချောင်းစပ်မှာ ချွတ်လျှက်သားလေး လူကတော့ တောဆင်တွေနင်းထားတာရစရာမရှိဘူးလို့ ‘’ ဒေသခံက DNA ကိုပြောပါတယ်။

အဲဒီရှောက်ချောင်း ချောင်းတလျှောက်မှာ ၂၅ ကောင်ထက်မနည်းတဲ့ တောဆင်ရိုင်းအုပ်ဟာ တောင်ခြေတောစပ်က သီဟိုခြံနဲ့ လယ်ကွင်းတွေထဲက စပါးနဲ့ ရာသီသီးနှံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဝင်ရောက်စားသောက်နေတာကြောင့် ခြောက်လှန့်မောင်းထုတ်မှုတွေလုပ်ခဲ့ရသေးတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

အခုလို အသက် ၅၆ နှစ်အရွယ် ဦးကြည်လွင် တောဆင်ရိုင်းတွေကြောင့် သေဆုံးတဲ့ ဧပြီ ၁ ရက်နေ့ညမှာပဲ ပုသိမ်၊ သားပေါင်းကမ်းလမ်းဘေးက ရေသိုးကုန်းရွာထဲကို တောဆင်ရိုင်းတွေ ရောက်လာကြောင့် ဒေသံတွေက မီးပုံ၊ မီးဒုတ်တွေထွန်းပြီး သံပုံး၊ သံချောင်းတွေတီးကာ မောင်းထုတ်ခဲ့ရသေးတယ်လို့သိရပါတယ်။

‘’ ကျွန်တော်တို့ မြို့မှာ ဆင်နင်းလို့သေတာ ၃ယောက်ရှိနေပြီ။ စားပင်သောက်ပင်တွေလည်း ဖျက်ဆီးခံရတယ်။ တောဆင်တွေက တောင်ခြေတောစပ်က သီဟိုခြံတွေအနောက်မှာပုန်းခိုနေကြတာကိုသက်ဆိုင်ရာက မောင်းထုတ်ပေးစေချင်တယ်”’ လို့ဒေသခံတဦးကလည်းဆိုပါတယ်။

အရင်ကတော့ ငပုတော၊ ပုသိမ်၊ သာပေါင်းမြို့နယ်တွေက တောင်ခြေတောစပ်မှာရှိတဲ့ ရွာတွေကို တောဆင်ရိုင်းတွေ ဝင်ရောက်လေ့ရှိတဲ့အခါမှာတောဆင်ရိုင်း ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ၊ သစ်တောရဲ နဲ့ သစ်တောဦးစီး ဌာန တို့က ကွန်ဂျီဆင် (ဆင်ယဉ်) တွေ နဲ့ တောဆင်ရိုင်းတွေကို ဘေးကင်းရာ ဆီ ပို့ဆောင်လေ့ရှိကြတယ်လို့ဒေသံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ မတ်လ ၂၃ ရက်နေ့အထိ ၃၅ ရက်တာကာလအတွင်း ဆင်မုဆိုးတွေ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တဲ့ တောဆင်ရိုင်း ငါးကောင်ထဲမှာ သာပေါင်းမြို့နယ်အတွင်းကတောဆင်ရိုင်း ၃ ကောင်လည်း ပါဝင်တဲ့ သစ်တောဦးစီးဌာနနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကသိရပါတယ်။