ဧပြီ၊ ၂
ကမ္ဘာ့ရွှေစျေးတွေဟာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကစပြီး ပြန်လည်ကျဆင်းခဲ့ပေမယ့် ဒေါ်လာစျေးမကျဆင်းလို့ ပြည်တွင်းမှာတော့ ပြင်ပအခေါက်ရွှေစျေးတွေဟာ တကျပ်သားကို ၂၉ သိန်း အထက်မှာရှိနေပြီး အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်က ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ကမ္ဘာရွှေစျေးဟာ ပြီးခဲ့တဲ့ မတ်လ အလယ်ပိုင်းမှာ ရွှေတအောင်စကို ၁၉၉၈ ဒေါ်လာအထိ စျေးမြင့်တက်ခဲ့ပေမဲ့ ဧပြီလ ၁ ရက်မှာတော့ ရွှေတအောင်စကို ၁၉၆၉ ဒေါ်လာ အထိ ကျဆင်းခဲ့တာပါ။
ဒါပေမယ့် ပြည်တွင်းဒေါ်လာစျေးကတော့ စစ်ကောင်စီက တဒေါ်လာကို ၂၁၀၀ ဝန်းကျင် သ တ်မှတ်ထားပေမယ့် ပြင်ပပေါက်စျေးက ဧပြီလ ၁ ရက် မနေ့က အဝယ်၂၈၅၅ကျပ်နဲ့ အရောင်း၂၈၇၀ ကျပ် ရှိတဲ့အတွက် မြန်မာ့ရွှေစျေး မကျဘူးလို့ စျေးကွက်ထဲက ပြောကြပါတယ်။
ဒါ့အပြင် ပြည်တွင်းအခေါက်ရွှေစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကနေ တကျပ်သားကို၂၂ သိန်းခွဲကျော်ဝန်းကျင် ရှိရာကနေ မနေ့မှာတော့ တကျပ်သားကို ၂၃ သိန်းကျော်အထိ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက သတ်မှတ်ခဲ့ပေမယ့် ပြင်ပစျေးကွက်မှာတော့ ရွှေတကျပ်သားကို ယခင် ၂၈ သိန်း ၈ သောင်းကျပ်ကနေ ယခု ၂၉ သိန်း ၇ သောင်းကျပ်အထိ စျေးဖြစ်ပေါ်နေပါတယ်။
ကမ္ဘာရွှေစျေးပြန်လည်ကျဆင်းလာပေမယ့် ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ လက်ရှိနေအထားအရ ရပ်တန့်နေပြီး စျေးတက်ဖို့ အခြေအနေမမြင်ရသေးဘူးလို့ လမ်းမတော်မြို့နယ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
” ကမ္ဘာရွှေစျေးကျလာရင်တောင် ပြည်တွင်း အခေါက်ရွှေစျေးက ဆိုင်တိုင်းမှာ စျေးအကျကို မရောက်သေးဘူး။ အခုအထိ ၂၉ သိန်း အထက်မှာ ရပ်နေတယ်။ စျေးတန့်နေတဲ့သဘော ပြောလို့ရတယ် ” လို့ သူမက ပြောပါတယ်။
ရွှေစျေးတွေ မြင့်တက်နေတဲ့အပေါ် လာမယ့်သင်္ကြန်ကာလအတွင်းမှာတော့ ပြန်လည်ကျဆင်းလာနိုင်ပေမယ့် ရွှေအရောင်းအဝယ်တွေက ဆက်လက်အရောင်းအေးနေမယ်လို့လည်း ရွှေဆိုင်ရှင်တွေက ဆိုပါတယ်။
” သင်္ကြန်အတွင်း ဝင်ပြီဆိုရင်တော့ ရွှေစျေးတွေ နည်းနည်းပြန်ကျလာနိုင်တယ်။ ကမ္ဘာ့ရွှေစျေးကလည်း ကျနေပြီ။ ပြည်တွင်းကလည်း တဖြေးဖြေးချင်း ကျဖို့ရှိလာနိုင်မယ်။ ရွှေပြန်ရောင်းတဲ့သူပဲ များနေမယ်။ ရွှေပြန်ဝယ်ဖို့ကတော့ အေးနေမှာပါပဲ ” လို့ ဗိုလ်တထောင်မြို့နယ်ရှိ ရွှေဆိုင်ရှင်တဦးက ဆိုပါတယ်။
ရွှေစျေးနှုန်းတွေကို စစ်ကောင်စီရဲ့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဗဟိုဘဏ်ရဲ့ငွေလှဲလယ်နှုန်းအတိုင်းသာ အရောင်းအဝယ်လုပ်ဖို့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ညွှန်ကြားထားပေမယ့် ရွှေဆိုင်အများစုကတော့ ပြင်ပအမေရိကန်ဒေါ်လာ ပေါက်စျေးဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်ဝန်းကျင် သတ်မှတ်ထားပေမယ့် ပြင်ပမှာတော့ တဒေါ်လာကို မြန်မာငွေ ၂၈၆၀ ကျပ်ကနေ ၂၈၇၀ ဝန်းကျင်မှာ အရောင်းအဝယ်ရှိနေတယ်လို့ ပြင်ပဒေါ်လာငွေစျေးကွက်အရ သိရပါတယ်။
ပြည်တွင်းရွှေစျေးတွေဟာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ်၊ သြဂုတ်လ အလယ်အတွင်း အခေါက်ရွှေတကျပ်သားကို ကျပ်၂၆ သိန်းကနေ ၃၆ သိန်း ၇ သောင်း အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလမှာတော့ ၃၁ သိန်း ၁ သောင်း ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
အခုနှစ်ဇန်နဝါရီလ ကနေ မတ်လကုန်အထိ ၂၉ သိန်းဝန်းကျင်အထိ ရှိနေတဲ့အပြင် ဒေါ်လာငွေလဲလှယ်နှုန်း၊ ကမ္ဘာ့ရွှေဈေး၊ အရောင်းအဝယ် အနေအထားတွေပေါ်မှာ မူတည်ပြီး အတက်အကျ ဖြစ်ပေါ်လေ့ရှိပါတယ်။
မြန်မာ့ရွှေစျေးဟာ ဧပြီလ ၁ ရက် မနေ့က ၂၉ သိန်း ၁ သောင်းနဲ့ စျေးပိတ်ပေမယ့် အရောင်းအဝယ် မရှိသလောက်အေးတယ်လို့ မြောက်ဒဂုံမြို့နယ်က ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
“ ဒီအချိန်ကတော့ အရောင်းကော အဝယ်ကော အေးတယ်။ ဝယ်တဲ့သူကလည်း စောင့်ကြည့်နေသလို ရောင်းတဲ့သူကလည်း မထုတ်ရဲဘူး ” လို့ ပြောပါတယ်။
ဓာတ်ပုံ – YEGA