ပါကစ္စတန်မှာ အစားအသောက် ဝေငှရာက တိုးဝှေ့ရင်း တက်နင်းမိကြလို့ လူတဒါဇင်နီးပါး သေဆုံး

ဧပြီ၊ ၁

ပါကစ္စတန် နိုင်ငံက အစားအသောက် ဝေငှရာ နေရာတခုမှာ အလုအယက် တိုးဝှေ့ကြရာက လူပေါင်း တဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

မွတ်ဆလင်တွေရဲ့ ရာမာဒန် ဘာသာရေးကာလ ကုသိုလ်ဖြစ် အစားအသောက် ဝေငှမှု အစီအစဉ် တခုကို မတ် ၃၁ ရက်က နိုင်ငံတောင်ပိုင်း၊ အထင်ကရ ဆိပ်ကမ်းမြို့ ကရာချိမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခါ လူတွေ ရာနဲ့ချီ စုဝေးပြီး အချင်းချင်း အလွန်အကျွံ တိုးဝှေ့ကြရာက နင်းမိတာ၊ ပိမိတာတွေဖြစ်ပြီး သေဆုံးကုန်တာလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

တချို့ကလည်း တန်းစီထားတဲ့ နေရာနားက မြောင်းထဲကိုပါ ပြုတ်ကျကုန်ပါတယ်။ ဒေသခံ မီဒီယာတွေက အခုဖြစ်စဉ်မှာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဖော်ပြထားကြပါတယ်။ ကရာချိမှာ ဂျုံအိတ်တွေ အပါအဝင် အစားအသောက်တွေကို အာဏာပိုင်တွေက ဝေငှပေးခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပါကစ္စတန်မှာ ဒီနှစ် ရာမာဒန် ကာလအတွင်း အခုလိုပဲ အစားအသောက်ဝေရင်း လူနင်းမိလို့ သေဆုံးသူ ၂၀ ဝန်းကျင်လောက်ထိ ရှိခဲ့ပြီး ကရာချိက ဖြစ်စဉ်ကတော့ အဆိုးဆုံး အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို အစားအသောက်တွေ ဝေငှတဲ့ အစီအစဉ်ကို ဝန်ကြီးချုပ် ရှာဘက်ဇ် ရှရစ်ဖ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရဟာ စီးပွားရေး မူဝါဒပိုင်းဆိုင်ရာ ယိမ်းယိုင်မှုတွေ ကြုံနေရချိန်မှာ အခုလိုမျိုး စရိတ်စက များပြားတဲ့ အစားအသောက် ဝေငှမှုတွေ ပြုလုပ်ခြင်းက ရှရစ်ဖ် အနေနဲ့ လူထု ထောက်ခံမှုကို ရရှိဖို့ အရဲစွန့် အားထုတ်မှု တခုသာ ဖြစ်တယ်လို့ အတိုက်အခံတွေ ဝေဖန်ကြပါတယ်။

ပါကစ္စတန်မှာ အပတ်စဉ် ကုန်စျေးနှုန်း တိုးမှုက ၄၅ ရာခိုင်နှုန်းလောက်ထိ များပြားနေပြီး ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှ ကိုလိုနီ ဘဝက လွတ်မြောက်လာကတည်းက အဆိုးဆုံး အခြေအနေလို့လည်း သိရပါတယ်။

Ref: W Top