မတ်၊ ၃၁
ပဲခူးတိုင်း ၊ဝေါမြို့နယ်အတွင်းကရပ်ကွပ်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုတပတ်အတွင်းနုတ်ထွက်ဖို့ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးခဲ့ပြီးနောက်မြို့တွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတွေကိုစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေကနေ့ရောညပါကင်းပုန်းဝပ်စောင့်ကြပ်ပြုလုပ်နေတာအပြင်လုံခြုံရေးအရစစ်ဆေးတင်းကြပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။
” ရပ်ကွက်အုပ်ကြီးအိမ်တွေရယ်ရုံးနေရာတွေမှာ ရဲတွေအရပ်ဝတ်တွေနဲ့လုံခြုံရေးယူထားတာတွေ့ခဲ့ရတယ်။စစ်တပ်တချို့ကိုလည်းတွေ့တယ်။ အသတ်ခံရမှာကြောက်လို့လုပ်တဲ့သဘောလို့ပဲမြင်မိပါတယ်” လို့ဒေသခံတဦးကပြောပါတယ်။
ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်ကွက်၊ ကျေးရွာအုုပ်ချုပ်ရေးမှူးတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားနုတ်ထွက်ဖို့နဲ့ မနုတ်ထွက်ရင် စစ်ကောင်စီနဲ့ပူးပေါင်းသူအဖြစ် သတ်မှတ်ရှင်းလင်းမယ်လို့ မတ်လ ၂၄ ရက်က ထုတ်ပြန်ထားတာပါ။
အဲဒီသတိပေးထုတ်ပြန်ချက်ထွက်ပြီးနောက်ပြီးခဲ့တဲ့မတ်လ၂၅ရက်ကနေဒီကနေ့အထိ မြို့တွင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာနဲ့နေအိမ်တွေကိုရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့တွေကအရပ်ဝပ်တွေနဲ့ကင်းပုန်းဝပ်စောင့်ကြည့်တာတွေရှိနေတယ်လို့ဝေါမြို့ခံတွေကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ဝေါမြို့တွင်းနဲ့ကျေးရွာတွေကအုပ်ချုပ်ရေးပိုင်းအဖွဲ့ဝင်တွေကိုလက်နက်တပ်ဆင်ပေးတာရှိနေတယ်လို့လည်းဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆိုပါတယ်။
စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေအပေါ်ယခုအခါ နောက်ဆုံးအခွင့်အရေးပေးတာ ဖြစ်ပြီး မနုတ်ထွက်ရင် ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့လည်းဝေါ ပကဖ အဖွဲ့ဝင် တဦးက ဆိုပါတယ်။
” အခုကနောက်ဆုံးအခွင့်အရေးပေးတာဖြစ််တယ်။ လက်နက်တွေတပ်ဆင်ပေးနေတယ်ဆိုတာလည်းသိထားတယ်။ နောက်ဆုံးအနေနဲ့အမြန်ဆုံးနုတ်ထွက်ဖို့နဲ့မနုတ်ထွက်ရင်တော့စစ်ရေးအရပစ်မှတ်ထားတိုက်ခိုက်မှာဖြစ်တယ်” လို့သူကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ စစ်ကောင်စီတပ်တွေနဲ့တိုက်ခိုက်ရာမှာ စစ်သည်တော်ကျင့်ဝတ်နဲ့ အညီဆောင်ရွက်သွားဖို့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မကြာခဏ သတိပေးတာရှိပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကစပြီးဝေါမြို့နယ်အနီးရှိကျေးရွာတွေကကျေးရွာအုပ်ချုပ်ရေးရုံးအလိုက် စစ်ကောင်စီတပ်အင်အား ၁၀၀ နီးပါးလုံခြုံရေးရယူထားကာလက်နက်ကြီးတပ်ဆင်တာတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
ဒါ့အပြင် မနှစ်ဒီဇင်ဘာလ နဲ့ အခုနှစ်ဇန်နဝါရီလ ၊ဖေဖော်ဝါရီလနဲ့မတ်လအတွင်းမှာ သူရဲသမိန် ၊မြစ်ကျိုးကျေးရွာတွေကအုပ်ချုပ်ရေးရုံးတွေဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာ၊ဘုရားပျိုကျေးရွာကစစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေကို”နန်းထိုက်အောင်”စစ်ဆင်ရေးအဖြစ်ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်းကျေးရွာအုပ်ချုပ်ရေးပိုင်းက ၅ ဦး၊စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ကတပ်သား ၅ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ကာဒုရဲအုပ်တဦး၊ စစ်တပ်ကတပ်ကြပ်ကြီးတဦး မီးသတ်ဝန်ထမ်းနှစ်ဦးနဲ့ပျူစောထီး နှစ်ဦးစုစုပေါင်း ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သလိုဒေသခံ၂၀ ဦးထက်မနည်းဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဒါ့အပြင်ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀ ဦးကျော်ဟာဘောနတ်ကြီး အမြှောက်တပ်အတွင်းမှာဒီကနေ့အထိစစ်ကြောရေးပြုလုပ်ခံနေရဆဲဖြစ်ပြီးအဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်း ဖမ်းဆီးခံမိသားစုဝင်တွေပြောဆိုပါတယ်။
စစ်ကောင်စီကတော့ ၂ နှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလက်ချက်နဲ့ နိုင်ငံဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် လူပေါင်း ၅၄၄၃ သေဆုံးပြီး ၄၅၇၇ ဦးဒဏ်ရာရတယ်လို့ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းယူပြီးနောက်ဝေါမြို့နယ်မှာ NLD ပါတီအရပ်သားအစိုးရလက်ထက် ကခန့်အပ်ထားတဲ့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကိုဖြုတ်ချခဲ့ကာလက်ရှိမှာတော့ကျေးရွာအုပ်ချုပ်ရေးမှူး ၆၁ ဦးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ၁၀၀ ကျော် ကိုပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းစစ်ကောင်စီကအသစ်ပြန်လည်ခန့်အပ်ထားပါတယ်။