မတ်၊ ၃၁
ကရင်နီပြည်နယ်(ကယားပြည်နယ်)ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီး စစ်ကောင်စီရဲ့ ခလရ (၂၇၈) တပ်နဲ့ ကရင်နီတပ်မတော်KA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF ဗျူဟာ (၃)က ပူးပေါင်းတပ်တွေကြား ၂ရက်နီးပါး တနေ့ကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ၁၅ ဦးနဲ့အထက် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။
ဒေါလျာခူကျေးရွာ အရှေ့ဘက်ရှိ ညေးဘူးခူတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၈၇ တပ်နဲ့ KA ၊ KNDF ပူးပေါင်းတပ်တွေကြား မတ်လ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ တနေကုန်နီးပါး တိုက်ပွဲတွေ အပြင်းအထန်းဖြစ်ပွားခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
“အခုလောလော ဆယ်တော့ ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ တော့ ညင်နေပေမယ့်လည်း စစ်ကောင်စီစစ်ကြောင်းတွေက ပြန်မရုပ်သေးဘူးဗျ။ တိုက်ပွဲတွေကတော့ အချိန်မရွေးပြန်ဖြစ်ပွားနိုင်တာပေါ့နော်”လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ဖွဲ့ဝင် ၁၅ ဦးနဲ့အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားပါကာ ကရင်နီပူးပေါင်းတပ်တွေက ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။
ထိခိုက်ကျဆုံးမှုတွေနဲ့ပတ်သတ်ပြီး DNA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ချေမှုန်းရေးရိုင်ဖယ် ၆ လက်နဲ့ ဆက်စပ်ခဲယမ်းမီးကျောက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီဟာ မတ်လ ၃၀ ရက်၊နေ့လယ်ပိုင်းက တိုက်လေယာဉ် (၂)စီးနဲ့ ဒေါလျားခူကျေးရွာ တောင်ပေါ်ကို ဆယ်ကြိမ်နီးပါး ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ ဒေါတမကြီးကျေးရွာ တောင်ပေါ်ဖက်ကိုလည်း တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ကျေးရွာတရွာက စာသင်ကျောင်းတကျောင်းကိုလည်း ၂ကြိမ်ခန့် လှည့်ပတ်ပစ်ခဲ့တဲ့အတွက် အရပ်သားတဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းကယားနယ်စပ်က ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေမှာ စစ်ကောင်စီက ၂၀၀ ကျော် သေဆုံးပြီး ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ မိုးဗြဲ PDF တပ်ရင်း ၂ က ယမန်နေ့က ထုတ်ပြန်ပါတယ်။
ကရင်နီပူးပေါင်းတပ်တွေဟာ ကရင်နီပြည်နယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ထိန်းချုပ်နယ်မြေတွေမှာ ဆေးရုံး ၇ ရုံ၊ စာသင်ကျောင်း ၄၀၀ ကျော်၊ ရဲစခန်း ၉ ခု နဲ့ အဆင့်မြင့်ပညာရေးကျောင်း ၅ ခုကို ဖွင့်လှစ်ထားတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ၊ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဌ ခွန်းဘီထူးက ပြောထားပါတယ်။
ကရင်နီပြည်နယ်(ကယားပြည်နယ်)ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနယ်မြေ နေပြည်တော်ကနေ မိုင်း ၁၃၀ ကျော်သာကွာဝေးတဲ့အတွက် အင်းအားထောင်ချီသုံးကာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအင်အားသုံးပြီးဖြိုခွင်းဖို့ကြိုးစားနေတာလို့ စစ်ရေးလေ့လာသူတွေကဆိုပါတယ်။