မတ်၊ ၂၉
မက္ကဆီကိုနဲ့ အမေရိကန် နယ်စပ်နားမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ထိန်းသိမ်းထားတဲ့ စင်တာတခု မီးလောင်မှု ဖြစ်ပွားပြီး လူ ၄၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရပါတယ်။
အဲဒီစင်တာဟာ အမေရိကန်ပိုင် အယ်လ်ပါဆိုမြို့နဲ့ နယ်စပ်နားက မက္ကဆီကိုရဲ့ ကူဒက်ဂျူအာရက်ဇ် မြို့မှာ တည်ရှိပါတယ်။ စင်တာထဲမှာတော့ အလယ်ပိုင်းနဲ့ တောင်ပိုင်း အမေရိက နိုင်ငံတွေကနေ အမေရိကန်ကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရားမဝင် ရွှေ့ပြောင်း အခြေချသူ အများအပြားကို ထိန်းသိမ်းထားပါတယ်။
မတ် ၂၈ ရက်က လောင်ကျွမ်းတဲ့မီးဟာ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို မကျေနပ်သူတွေက ဆန္ဒပြကြရာက အစပြုခဲ့တာလို့ မက္ကဆီကို လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်မှာ ကိုဗစ် ကာလတုန်းက အရေးပေါ် သတ်မှတ်ခဲ့တဲ့ Title 42 အစီအမံ သက်တမ်း ကုန်ချိန်မှာ အမေရိကန်ကို ဝင်ရောက်ခွင့် ရဖို့ မျှော်လင့်ချက်နဲ့ ရွှေ့ပြောင်း အခြေချသူတွေက မက္ကဆီကို နယ်စပ်နားမှာ လာရောက် စောင့်ဆိုင်းနေခဲ့ကြတာပါ။ Title 42 သတ်မှတ်ချက်အရ အမေရိကန် အစိုးရဟာ နယ်စပ်နားက တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူတွေကို အမေးအမြန်း အစစ်အဆေးမရှိ နှင်ထုတ်ပိုင်ခွင့် ရှိပါတယ်။
အခု မီးလောင်မှုမှာတော့ အမေရိကန်က သူတို့ကို ပြည်ဝင်ခွင့် မပေးဘဲ နှင်ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် ဒေါသထွက်နေတဲ့ ရွှေ့ပြောင်း အခြေချသူတွေက မွေ့ရာတွေကို မီးတင်ရှို့ခဲ့ကြတာလို့ မက္ကဆီကို သမ္မတ အန်းဒရက်စ် မန်နျူရယ်လ် လိုပက်ဇ် အော်ဘရာဒေါက ပြောပါတယ်။
ဒီအခြေအနေတွေကနေစပြီး ဆိုးရွားလှတဲ့ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးဆီ ဦးတည်သွားမယ်လို့ လုံးဝ မမျှော်လင့်မိခဲ့ကြောင်းလည်း သမ္မတက ဆိုပါတယ်။
လက်ရှိ အချိန်ထိ အသေအပျောက် ၄၀ လောက် စာရင်းရထားပြီး ထိခိုက် ဒဏ်ရာရသူ ၂၉ ဦး ရှိခဲ့ပါတယ်။ အခင်းဖြစ်ချိန်က စင်တာထဲမှာ လူပေါင်း ၇၀ ဝန်းကျင်လောက် ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။ ကူဒက်ဂျူအာရက်ဇ် မြို့ခံ ရဲတပ်ဖွဲ့က အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။
Ref: BBC