မတ်၊ ၂၈
အမေရိကန်နိုင်ငံ၊ တန်နက်ဆီ ပြည်နယ်က စာသင်ကျောင်း တခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ကလေးငယ် ၃ ဦး အပါအဝင် စုစုပေါင်း လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
မတ် ၂၇ ရက်က နက်ရှ်ဗီးလ်မြို့မှာရှိတဲ့ စာသင်ကျောင်းထဲကို အသက် ၂၈ နှစ်အရွယ် ကျောင်းသားဟောင်း တဦးက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၉ နှစ်အောက် ကလေး ၃ ဦးရယ်၊ သင်ကြားရေး ဝန်ထမ်း ၃ ဦးရယ် သေဆုံးသွားတယ်လို့ သိရပါတယ်။
အဲဒီ ပုဂ္ဂလိက ခရစ်ယာန်ကျောင်းမှာ အသက် ၃ နှစ်ကနေ ၁၂ နှစ်ကြား စုစုပေါင်း ကလေး ၂၀၀ ဝန်းကျင်လောက် တက်ရောက်နေကြောင်း ဒေသခံ သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
သေနတ်သမားဟာ လိင်ပြောင်းလဲ ခွဲစိတ်မှု ခံယူထားသူ အော်ဒရီ ဟေလီဆိုသူ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ သူဟာ ဆီမီး အော်တိုမက်တစ် ရိုင်ဖယ် တလက် အပါအဝင် သေနတ် သုံးလက်ကို ကိုင်ဆောင်လာပြီး ကျောင်းထဲ ဝင်ရောက် စီးနင်းခဲ့တာပါ။ ဟေလီကိုတော့ ရဲတွေက အသေပစ်ခတ် နှိမ်နင်းခဲ့ရပါတယ်။
နက်ရှ်ဗီးလ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန်ဒရိတ်ခ်က ကနဦး စုံစမ်းမှုတွေအရ သေနတ်သမားဟာ ပြစ်မှု မကျူးလွန်ခင် ကျောင်းနဲ့ ပတ်သက်လို့ အချက်အလက်တွေ ထောက်လှမ်းတာ၊ မြေပုံတွေ လေ့လာတာတွေ ကြိုတင် ပြုလုပ်ခဲ့တယ်ဆိုတာ သိရှိလာရကြောင်း ပြောပါတယ်။ သူအသုံးပြုထားတဲ့ မြေပုံနဲ့ တခြား ထောက်လှမ်းရေး ပစ္စည်းတွေကို ကျောင်းနားက အိမ်တလုံးမှာ ရှာတွေ့ခဲ့ပါတယ်။
ကျောင်းက တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပေမယ့် သေနတ်သမားက ပြတင်းပေါက် တခုကို ပစ်ခွဲပြီး ဝင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ မြေညီထပ်မှာ ရမ်းသမ်းပစ်ခတ်ပြီးတဲ့နောက် အပေါ်ထပ်ကို တက်တဲ့အချိန်မှာ ရဲတွေ ရောက်လာခဲ့ပါတယ်။ သူက အပေါ်ထပ်ကနေ လှမ်းပစ်တာကြောင့် ရဲကားတစီး ရှေ့ဖက် လေကာမှန် ကွဲကြေသွားခဲ့ပါတယ်။ နောက်တော့ ရဲတွေက အဆောက်အအုံကို ဝင်ရောက် စီးနင်းပြီး ဟေလီကို ရှင်းလင်းခဲ့ရတာ ဖြစ်ပါတယ်။
ရဲတွေက အခုလို ဆိုးရွားတဲ့ ပြစ်မှုမျိုး ဟေလီ ကျူးလွန်ခဲ့ရတဲ့ နောက်ခံ အကြောင်းအရင်းကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အခုလို ပစ်ခတ်မှု ဖြစ်စဉ်မျိုးတွေဟာ မိသားစုတိုင်းအတွက် လက်ခံဖို့ အခက်ဆုံး အိပ်မက်ဆိုးတွေ ဖြစ်တယ်လို့ ရှုတ်ချ ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် စတင်ဝင်ရောက်လာတာ ၃ လ မပြည့်သေးပေမယ့် အမေရိကန်မှာ လူစုလူဝေး ပစ်ခတ်ခံရမှု ၁၂၉ ကြိမ်ထိ ရှိခဲ့ပြီး အဲဒီထဲမှာ ၁၂ ကြိမ်က ကျောင်းတွေမှာ ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေလို့ ပြည်တွင်း လက်နက်ကိုင် အကြမ်းဖက်မှု ဖြစ်စဉ်တွေကို စောင့်ကြည့် လေ့လာနေတဲ့ Gun Violence Archive အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။