နွေအပူကိုအံတုပြီး လွတ်ငြိမ်းမျှော်သူများ

မတ်၊ ၂၇

ဒီကနေ့ မတ်လ ၂၇ ရက်နေ့ မှာ အာဏာသိမ်းစစ်အုပ်စုက နေပြည်တော်မှာ တပ်မတော်နေ့အခမ်းအနား လုပ်နေချိန်မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာတော့ စစ်တပ်ကဖမ်းထားသူတွေကို မျှော်နေတဲ့ မိသားစုဝင်တချို့ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အထင်ကရနေ့တွေမှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်လေ့ရှိတာကြောင့် ဒီကနေ့မှာ လွတ်ငြိမ်းရှိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မတ်လရဲ့ နွေအပူကိုအံတုပြီး စောင့်နေသူတွေရှိတာပါ။

‘’လုံခြုံရေးကားတွေ အဝင်အထွက်ရှိနေတော့ လွှတ်ပေးမလားဆိုပြီး စောင့်နေတာ၊ ဂိတ်ပေါက်ကို သွားမေးကြည့်တော့ နှစ်ဆန်းနှစ်ရက်နေ့မှလို့ ပြောတယ်’’ လို့ အကျဉ်းထောင်ရှေ့မှာ စောင့်နေသူတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစလို့ လွတ်ငြိမ်းချမ်းသာခွင့် ကိုးကြိမ်နဲ့ အကျဉ်းသား (၆၆၀၀၀) ကျော် ပြန်လွှတ်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ရှစ်ရာခိုင်နှုန်း (၅၀၀၀ဝန်းကျင်) သာ ပြန်လွှတ်ပေးခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောထားပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို စစ်ကောင်စီက ပုံစံမျိုးစုံနဲ့ ဖမ်းဆီးထားတာဆိုရင် ဒီကနေ့အထိ ဖမ်းဆီးခံရသူပေါင်း တသောင်းခြောက်ထောင်ကျော် ရှိနေပါတယ်။

ဓာတ်ပုံ – DNA