မတ်၊ ၂၇
အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ မဟာဗျူဟာ နျူကလီးယား လက်နက်တွေ ပြန်လည် ဖြန့်ကျက်သွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။
ဒါဟာ အနောက်နိုင်ငံတွေက ယူကရိန်းကို စစ်ရေးအရ ထောက်ပံ့ ကူညီမှုတွေ အရှိန်မြှင့်တင်လာတဲ့အပေါ် ရုရှားက သင့်တော်သလို စီမံတုံ့ပြန်တဲ့ ခြေလှမ်းတခုလည်း ဖြစ်တယ်လို့ ပူတင်က ဆိုပါတယ်။ ဗြိတိန် အစိုးရက သံချပ်ကာတွေကို ဖျက်ဆီးနိုင်တဲ့ ခန်းခြောက် ယူရေနီယမ် ထိပ်ဖူးတပ် လက်နက်ကြီး ကျည်ဆန်တွေကို ယူကရိန်းဆီ ထောက်ပံ့ ပေးပို့ဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ပူတင်က မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ နျူကလီးယား စစ်လက်နက်တွေ တန်ပြန် ဖြန့်ကျက်မယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ ဥရောပက မဟာမိတ် နိုင်ငံတွေမှာ နျူကလီးယား လက်နက်တွေ ဖြန့်ကျက်ထားနှင့်ပြီး ဖြစ်တာကြောင့် ရုရှားရဲ့ ရွေးချယ်မှုဟာ ဘာမှ အထူးအဆန်း မဟုတ်ဘူးလို့ ပူတင်က ဆိုပါတယ်။ ပြီးတော့ ဘီလားရုစ်မှာ ထားရှိမယ့် နျူကလီးယား လက်နက်တွေကို ရုရှားစစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ထားရှိမယ်လို့ သူက အတည်ပြုပါတယ်။ ပူတင်က ဘီလားရုစ်မှာ မဟာဗျူဟာ နျူကလီးယားလက်နက် အရေအတွက် ဘယ်လောက်ထိ ထားရှိမလဲ ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။
ဘီလားရုစ်ဟာ ရုရှားရဲ့ ဩဇာခံ နိုင်ငံအဖြစ် သတ်မှတ် ခံထားရပြီး ယူကရိန်းအပြင် ပိုလန်လိုမျိုး NATO အဖွဲ့ဝင် နိုင်ငံတွေနဲ့ပါ နယ်စပ် ရှည်ရှည်လျားလျား ထိစပ်နေပါတယ်။ ပူတင်က ဘီလားရုစ်မှာ နျူကလီးယား စစ်လက်နက်တွေ ဖြန့်ကျက်မှုဟာ ဇူလိုင် ၁ ရက်နေ့မှာ အပြီးသတ်မယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။
ရုရှားဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ နျူကလီးယား လက်နက်တွေကို နိုင်ငံပိုင်နက် ပြင်ပမှာ ဖြန့်ကျက်ထားမှု မရှိတော့ပါဘူး။ ဒါပေမဲ့ အမေရိကန်ကတော့ ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နဲ့ တူရကီတို့လို နိုင်ငံတွေမှာ နျူကလီးယား စစ်လက်နက်တွေ သိုလှောင်ထားဆဲ ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
ပူတင်က ရုရှားဟာ စစ်ပွဲကြောင့် လက်နက်ခဲယမ်း မီးကျောက်တွေ ခေါင်းပါး ပြတ်တောက်လာနေကြောင်း သုံးသပ်ချက်တွေကိုလည်း ပယ်ချထားပြီး စစ်လက်နက်တွေ အလျှံအပယ် ရှိနေဆဲဖြစ်ကြောင်း၊ ဒါပေမဲ့ တချို့ ဖျက်အားပြင်း လက်နက်တွေကို ထိန်းထိန်းသိမ်းသိမ်း အသုံးချဖို့ ပြန်ကန့်သတ်နေရတာသာ ဖြစ်ကြောင်းလည်း အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။
Ref: CNN