မနက်ပိုင်း ထိတွေ့တိုက်ပွဲအပြီး ကော့ကရိတ်မြို့ကို စစ်တပ်က လေယာဉ်နဲ့လာပစ်

မတ်၊ ၂၆

ကရင်ပြည်နယ် ၊ ကောကရိတ်မြို့အနီးမှာ ဒီမနက် ၅ နာရီ ၄၅ မိနစ်လောက်က စပြီး ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် မနက် ၈ နာရီဝန်းကျင်မှာ စစ်တပ်က တိုက်ခိုက်ရေရဟတ်ယာဉ်နဲ့ ကော့ကရိတ်မြို့ကို လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ် ။ 

“ အဓိက သူတို့ပစ်သွားတာက ရုံးကြီးအနောက်ဘက် ကျောတွေလေ ။ ခယက ရုံးကြီးအနောက်ဘက် ၊ ခနိမ်းမူဘက်နဲ့ ပျားပင်နောက်ဘက်အခြမ်းတွေ အဲဒီဘက်တောက်လျှောက်ပစ်သွားတာ ။ ကော့ကရိတ်မြောက်ဘက်အခြမ်းကို အဓိက ပစ်သွားတာ” လို့ဆိုပါတယ် ။ 

မနက်အစောပိုင်း ထိတွေ့တိုက်ပွဲက ရေကူးကန်နဲ့ သမိုင်ကုန်းအကြား အာရှလမ်းပေါ် ဗကဘုန်းကြီးကျောင်းအနီးမှာ ဖြစ်ခဲ့တာလို့ သိရပါတယ် ။ မနက်ခင်းထိတွေ့တိုက်ပွဲရဲ့ အခြေအနေနဲ့ ထိခိုက်ကျဆုံးမှုကိုတော့ DNA အနေနဲ့ အချက်အလက်တွေ သိရှိနိုင်ဖို့ ကြိုးစားစဲ ဖြစ်ပါတယ် ။ 

ထိတွေ့တိုက်ပွဲအပြီး လေယဉ်မလာမီမှာ စစ်ကောင်စီရဲ့ ကော့ကရိတ်မြို့ပြင်မှာ ချထားတဲ့တပ်တွေဟာ မြို့ထဲဘက်ကို ခြေလျှင်ပြန်ဝင်လာတာကို တွေ့ရတယ်လို့လည်း အခြားမြို့ခံတဦးက ပြောပါတယ် ။ 

“မြို့ပြင်မှာ ယူထားတဲ့ စစ်သားတွေက အကုန်ကုန်းကြောင်းလျှောက်ပြီးပြန်ဝင်လာနေပြီး ကိုးဆယ့်ခွန်ထဲ ပြန်ဝင်သွားကြပြီ ။ စစ်သား အယောက်နှစ်ဆယ် သုံးဆယ်လောက်က ။ တပ်ကိုပဲ အဓိကလုံခြုံရေး ယူတော့မယ့် သဘောရှိတယ်” လို့ပြောပါတယ် ။ ဒီမနက် လေယာဉ်လာရောက် တိုက်ခိုက်ချိန်မှာ ကော့ကရိတ်ကရိတ်မှာ ရှိနေတဲ့ ခလရ ၉၇ တပ်ရင်းကနေ လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ် ။ 

မနက် ၉ နာရီ ၄၀ အချိန် ရခဲ့တဲ့ သတင်းတွေအရ စကစရဲ့ လေယာဉ်ပစ်ခတ်မှုကြောင့်  ကော့ကရိတ်ချောင်း တောင်ဘက် ဗလချောင်က အိမ်တလုံးကို ထိမှန်ခဲ့ပြီး အသက် ၅၀ ကျော် အမျိုးသမီးတဦး ဦးခေါင်းမှာဒဏ်ရာရှိသွားခဲ့ပါတယ် ။ တခြားအရပ်သား ထိခိုက်မှု ဖြစ်စဉ်တွေကိုတော့ ဆက်လက် စုံစမ်းစဲပဲ ဖြစ်ပါတယ် ။ 

ကရင်ပြည်နယ်မှာ မနေ့က မနက်ပိုင်းက စပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျုံဒိုးမြို့နဲ့ မြဝတီမြို့ပေါ် ၃ နေရာမှာ စစ်တပ်နဲ့ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကော့ကရိတ်မြို့ဝန်းကျင်မှာပဲ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ ။ ဒီနေ့မနက် ကော့ကရိတ်ထိတွေ့တိုက်ပွဲမှာ ဒေသခံတော်လှန်ရေး အင်အားစုတွေဘက်က KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ Triple K LPDF ဆိုတဲ့ အသစ်ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တခုကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က DNA ကို ပြောပါတယ်။ 

ဓာတ်ပုံ – DNA