မတ်၊ ၂၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းမှာ စစ်ကောင်စီကစစ်ကြောင်းထိုးလာတာ၊စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှုရှိနေတာတွေကြောင့် ရွာသုံးရွာက ဒေသခံခြောက်ရာကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။
အုတ်ဖိုမြို့ အရှေ့ဘက်မှာရှိတဲ့ ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနဲ့ ချောင်းစောက်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့တာတွေလုပ်နေသလို တိုက်ပွဲတွေလည်း ဖြစ်နေတာလို့ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
” ပဲခူးရိုးမနဲ့ နီးကပ်နေတာဆိုတော့ တချို့ကလည်း တောထဲရှောင်နေတာတွေရှိသလို တချို့ကလည်း နီးစပ်ရာဆွေမျိုးတွေဆီ ရှောင်နေကြတာပေါ့ ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဝိုင်းကျေးရွာအုပ်စုထဲက တာဝါတိုင်ရွာအနီးမှာ အင်အား သုံးဆယ်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၂၄ ရက် မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ဂမုန်းဆည်အနီးမှာ အပြန် အလှန်ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေဖြစ်နေတာလို့ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံတဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ မျက်မြင်တွေ့ချက်တွေအရ စစ်အုပ်စုဘက်က ခြောက်ဦးသေဆုံးခဲ့ပြီး အထိနာနေတဲ့အတွက် ကျေးရွာတွေကို မီးရှို့နေတာလို့ သူက ဆိုပါတယ်။
” တာဝါတိုင်ရွာကို မီးရှို့နေတာ အိမ်ခြေ ၆၀ လောက်တော့ မီးထဲပါသွားတယ်လို့ပဲ သိထားရသေးတယ်၊ သူတို့ အထိနာပြီး မဲနေတာပေါ့၊ သူတို့ အလောင်းသယ်သွားတာတွေ မျက်မြင်တွေတဲ့လူတွေရဲ့အတည်ပြုချက်အရ ခြောက်ဦးသေသွားပါတယ် ” လို့ သူက ပြောပါတယ်။
အင်အား ၃၀ လောက်ပါတဲ့ စစ်အုပ်စု စစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ် ခွဲ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင်ပြီး ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၅ ၊ တပ်စု ၂ တို့ ပူးပေါင်းတိုက်ခိုက်နေတာလို့သိရပါတယ်။
လက်ရှိမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တပ်တွေက ဝိုင်းကျေးရွာမှာ တပ်စွဲထားသလို အင်အားဖြည့်တင်းမှုတွေလည်း ဆက်လက်လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာမှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – Bago Region PDF