စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီတွေ၊ လေယာဉ်ဆီ တင်သွင်းဖို့ ကူညီနေတဲ့ ကုမ္ပဏီတွေကို အမေရိကန် ပိတ်ဆို့ အရေးယူ

 
မတ်၊ ၂၅
 
မြန်မာစစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ ခရိုနီတွေ၊ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ရရှိအောင် ကူညီပေးနေတဲ့ လုပ်ငန်းတွေကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ် ခေါင်းဆောင်ပိုင်းတွေရယ်၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေရယ်ကို အရေးယူ ပိတ်ဆို့မှုတွေ မြှင့်တင် လုပ်ဆောင်မယ်လို့ ပြောဆိုထားတာနဲ့အညီ မတ် ၂၄ ရက်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက လူပုဂ္ဂိုလ် ၂ ဦးနဲ့ အဖွဲ့အစည်း ၆ ခုရဲ့ နာမည်တွေကို အရေးယူ ပိတ်ဆို့မှု စာရင်းထဲ ထည့်သွင်းလိုက်တာ တွေ့ရပါတယ်။
လူပုဂ္ဂိုလ် ၂ ဦးကတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်း ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ အဖမ်းခံခဲ့ရတဲ့ ခရိုနီ လုပ်ငန်းရှင် သူဌေး ဦးထွန်းမင်းလတ်ရယ်၊ သူ့ရဲ့ ဇနီးသည် ဒေါ်ဝင်းမင်းစိုးတို့ ဖြစ်ပါတယ်။ ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ဘက် အရာရှိဟောင်း တဦးရဲ့ သားဖြစ်သလို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုနဲ့လည်း ရင်းနှီးကျွမ်းဝင်ကြောင်း လူသိများပါတယ်။
သူ့ကို ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတုန်းက ကွန်ဒို တိုက်ခန်းထဲမှာ မင်းအောင်လှိုင် မိသားစုရဲ့ ပိုင်ဆိုင်မှုနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားတွေ သိမ်းဆည်း ရမိခဲ့ပါသေးတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးကလည်း Star Sapphire နာမည်နဲ့ ကုမ္ပဏီ လုပ်ငန်းစုတွေကို ခင်ပွန်းသည်နဲ့ ပူးတွဲ ပိုင်ဆိုင်ထားပါတယ်။ သူတို့ ဇနီးမောင်နှံဟာ စစ်ကောင်စီနဲ့ နီးစပ်ကျွမ်းဝင်သလို မြန်မာစစ်တပ်အတွက် စစ်လက်နက်နဲ့ အသုံးအဆောင်တွေ ကူညီ ထောက်ပံ့ပေးနေကြတဲ့အတွက် အရေးယူ ပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် သူတို့လက်အောက်မှာရှိတဲ့ Star Sapphire Group of Companies၊ Star Sapphire Trading Company Limitedနဲ့ Star Sapphire Group Pte. Limitedတို့ကလည်း အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု စာရင်းထဲမှာ ပါဝင်လာတာ တွေ့ရပါတယ်။
အဲဒီ ကုမ္ပဏီတွေအပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီတွေ တင်သွင်းနိုင်အောင် ဘက်ပေါင်းစုံက ကူညီပေးနေတဲ့ Asia Sun Group၊ Asia Sun Trading Co. Ltd.နဲ့ Cargo Link Petroleum Logistics Co. Ltd.တို့လည်း အရေးယူ ပိတ်ဆို့မှုတွေ ကြုံခဲ့ရပါတယ်။
အဲဒီကုမ္ပဏီတွေကို အရေးယူ ပိတ်ဆို့တာကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ဧရိယာတွေကို စည်းလွတ်ဝါးလွတ် လေကြောင်းတိုက်ခိုက်မှုတွေ မြှင့်တင်လာတဲ့အတွက် တုံ့ပြန်မှုလို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ပြီးတော့ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မတိုင်ခင်မှာ အခုလို အရေးယူမှုတွေ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ပြောပါတယ်။
အရပ်သား ပစ်မှတ်တွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လက်ယက်ကုန်းရွာက စာသင်ကျောင်း တိုက်ခိုက်ခံရမှု၊ ကချင်ပြည်နယ်မှာရှိတဲ့ အနန်ပါ ဒေသမှာ ဂီတဖျော်ဖြေပွဲ ကျင်းပနေတုန်း ဗုံးကြဲခံရမှုတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ကြေညာချက်ထဲမှာ ကိုးကား ဖော်ပြသွားခဲ့တာကိုလည်း တွေ့ရပါတယ်။