အင်းစိန်ထောင်အပါအဝင် ရန်ကုန်မှာ ပစ်ခတ်မှုနဲ့ ဗုံးပစ်တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်

မတ် ၊ ၂၄

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်နဲ့ သန်လျင်မြို့နယ်တွေထဲမှာ ဒီကနေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ ဗုံးပစ်တိုက်ခိုက်မှုနဲ့ သေနတ် ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေဆီကသိရပါတယ်။

 အင်းစိန်ဗဟိုအကျဥ်းထောင်ရဲ့ဂိတ်အမှတ် (၂) ဘက်အခြမ်းမှာရှိတဲ့ ဝန်ထမ်းအိမ်ယာအနီးမှာ မတ်လ ၂၄ရက် မနက် (၁၁)နာရီဝန်းကျင်က ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေထွက်ပေါ်ခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ရှေ့နေတဦးက DNA ကိုပြောပါတယ်။

“ပေါက်တဲ့အသံတွေရော၊ပစ်ခတ်အသံတွေ တော်တော်လေးကို ကြားလိုက်ရတယ်၊အဲ့ဒီဘက်အခြမ်းမှာက လိုင်းခန်းတွေလေ၊လူထိခိုက်မိတယ်ဆိုတဲ့အသံတော့ အခုအချိန်ထိမကြားရသေးဘူး၊ အရေးပေါ်ကားလာ တယ် လို့လည်းမကြားမိသေးဘူး”လို့သူကပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရောက်လာပြီး ဘုရင်နောင်လမ်းဘက်အခြမ်းကို စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်အနီး လူနေရပ်ကွက်ထဲမှာနေထိုင်သူတဦးကို ကိုးကားရေးသားထားတဲ့ မြန်မာနောင်း သတင်းဌာန သတင်းတရပ်မှာတော့ အကျဉ်းထောင်ဂိတ်(၂)ဝင်ပေါက်ကို ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခံရတာကြောင့် အကျဉ်းထောင်လုံခြုံရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့တာလို့ဖော်ပြထားပါတယ်။

မနေ့ကလည်း ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းပေါ်မှာရှိတဲ့ မြို့နယ်တရားရုံးမှာပေါက်ကွဲမှုတခုဖြစ်ခဲ့ ပါသေးတယ်။

အလားတူ သန်လျင်မြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေလုံခြုံရေးယူထားတဲ့ (၁၈)ကုန်းထိပ်က ဂိတ်စခန်းမှာလည်း ဗုံးပစ်တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ သန်လျင်ဒေသခံတဦးကပြောပါတယ်။

“နှစ်ယောက်ထိသွားတယ်။အစလောက်ပဲစင်တာနေမယ်။တစ်ယောက်က လက်မောင်းကိုထိတာ။ဆိုင်ကယ်နဲ့ လာပြီး ဗုံးပစ်သွားတာ”လို့ သူကဆိုပါတယ်။

ဒါ့အပြင် ဥပဒေကျွမ်းကျင်သူတဦးအဖြစ်လူသိများတဲ့ ဦးမင်းတေဇညွန့်တင်ဟာလည်း သန်လျင်မြို့နယ်မှာပဲ မတ်လ ၂၄ရက်နေ့လယ်ပိုင်းက ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာပါ။

အဲ့ဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က သန်လျင်တံတားနဲ့ ကလဝဲတံတားတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။