မတ် ၊ ၂၄
အမေရိကန် စစ်သင်္ဘော တစီးကို မောင်းထုတ်ခဲ့တယ်လို့ တရုတ် ရေတပ်ရဲ့ ကြွားဝါပြောဆိုနေမှုကို အမေရိကန်ဖက်က ငြင်းပယ်သွားခဲ့ပါတယ်။
အစောပိုင်းတုန်းက တရုတ် ရေတပ်ဟာ တောင်တရုတ် ပင်လယ်ထဲက တရုတ် ထိန်းချုပ်ထားရာ ကျွန်းစုတွေနား ချဉ်းကပ် ခုတ်မောင်းခဲ့တဲ့ အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော တစီးကို မောင်းထုတ်နိုင်ခဲ့ကြောင်း ဝံ့ဝံ့ကြွားကြွား ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ အမှတ် ၇ ရေတပ်မကတော့ USS Milius ဖျက်သင်္ဘောကို ပါရာဆဲလ် ကျွန်းစုတွေနားကနေ မောင်းထုတ်ခဲ့တယ်ဆိုတဲ့ တရုတ်ရဲ့ စကားဟာ မုသားသက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။ ပါရာဆဲလ်ဟာ ဒေသတွင်း နိုင်ငံတချို့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာဖြစ်ပြီး တရုတ်ကတော့ စီရှားလို့ ခေါ်ဝေါ်ပါတယ်။
USS Miliusဟာ ကြိုတင် သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ တောင်တရုတ်ပင်လယ်မှာ ခုတ်မောင်းခဲ့ပြီး ဘယ်သူ မောင်းထုတ်တာမှ မခံခဲ့ရဘူးလို့ အမေရိကန် ရေတပ်က ဆိုပါတယ်။ ပြီးတော့ အမေရိကန် အနေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ ညီညွတ်တဲ့ ကင်းလှည့် ခုတ်မောင်းမှု၊ ပျံသန်းမှုတွေကို အလျဉ်းသင့်သလို ဆက်လက် ပြုလုပ်နေဦးမယ်လို့လည်း ရေတပ်က ကြေညာသွားပါတယ်။
တရုတ်ဟာ တောင်တရုတ် ပင်လယ်ပြင် တခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ်လိုတာကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ကတော့ တရုတ်ရဲ့ ပိုင်နက်နယ်မြေ ချဲ့ထွင် သတ်မှတ်မှုကို လုံးဝ ဂရုမစိုက်သလို တောင်တရုတ် ပင်လယ်ထဲက တရုတ်ရေတပ် ထိန်းချုပ်ပြီး တပ်စခန်း ချထားတဲ့ ကျွန်းတွေနားမှာ အမေရိကန် စစ်သင်္ဘောတွေကို ပုံမှန် ဖြတ်သန်း ခုတ်မောင်းလေ့ ရှိတာကြောင့် တရုတ်က မကြာခဏ ကန့်ကွက်ခဲ့ပါတယ်။